သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ၁၂ တန်းကျောင်းသား မီးလောင်သေဆုံးမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး တရားရုံးက အရှိန်မြှင့်စစ်ဆေးနေ

AB News – ဇန်နဝါရီ ၆၊ ၂၀၂၆
ချန်ဒြာ

ရက္ခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ပုဂ္ဂလိကဘော်ဒါဆောင်တစ်ခုတွင် ၁၂ တန်းကျောင်းသားတစ်ဦး မီးလောင်သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန် မြို့နယ်တရားရုံးက သက်သေများအား အပြင်းအထန် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ကျွဲကြိုကျေးရွာမှ အဖ ဦးကျော်ဇံနှင့် မိခင် ဦးသန်းအေးတို့၏သား အသက် ၁၈ နှစ်အရွယ် မောင်ငြိမ်းထက်ကျော် ဖြစ်သည်။

၎င်းသည် မင်းပြားမြို့ရှိ “ရာစုသစ်” ဘော်ဒါဆောင်တွင် ၁၂ တန်း တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက် နံနက် ၂ နာရီခန့်တွင် အဆောင်အတွင်း သူငယ်ချင်းများနှင့်အတူ အိပ်ပျော်နေစဉ် မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘော်ဒါဆောင်ပိုင်ရှင်များကို သက်ဆိုင်ရာက စစ်ဆေးခဲ့သော်လည်း အမှုမှာ ၅ လကျော်ကြာသည်အထိ ထူးခြားမှုမရှိဘဲ ကြန့်ကြာနေခဲ့သည်။

သို့သော် ယခုအခါ တရားရေးဆိုင်ရာ အထက်အရာရှိများ၏ ညွှန်ကြားချက်ဖြင့် အမှုအား အရှိန်မြှင့်စစ်ဆေးနေကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက AB News သို့ပြောသည်။

“၁၂ တန်းကျောင်းသားမီးလောင်သေဆုံးမှုကို တရားရေးဆိုင်ရာအထက်အရာရှိတွေက အမှုမှန်ပေါ်ပေါက်စေဖို့တွက် အပြင်းအထန်ခိုင်းနေတယ်လို့သိရတယ်။ ၂၀၂၅ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဆရာမတွေနဲ့ ကျောင်းသား ၃ ယောက်ကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ကျောင်းသား ၅ ယောက်ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရတယ်။ သူတို့အသိုင်းအဝိုင်းထဲမှာတော့ သေဆုံးသူနဲ့ တရွာတည်းနေ သူငယ်ချင်းကိုသံသယဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

မောင်ငြိမ်းထက်ကျော် သေဆုံးမှုမှာ သာမန်မီးလောင်မှုမဟုတ်ဘဲ ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုနှင့် ပတ်ဝန်းကျင်က ယူဆနေ​​ကြ​ပြီး သေဆုံးသူနှင့် တစ်ရွာတည်း​နေ သူငယ်ချင်းတစ်ဦးအပေါ် သံသယဖြစ်နေကြကြောင်း ၎င်း၏အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် မြို့နယ်တရားရုံး၌ အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စစ်ဆေးလျက်ရှိပြီး တရားခံအား အတည်ပြုဖော်ထုတ်နိုင်ပါက ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ