AB News – မေ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့တွင် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်ဘာနီနေ့ အထိမ်းအမှတ်ပွဲတော်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နွားများ လှူဒါန်းပေးခဲ့သည့်အပြင် ပွဲတော်သုံး နွားများကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
လာမည့် မေလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ကုရ်ဘာနီနေ့တွင် မြောက်ဦးခရိုင်အတွင်းရှိ မူဆလင်ကျေးရွာ ၁၄ ရွာအတွက် ULA က နွား ၃ ကောင်ကို ခွဲဝေလှူဒါန်းခဲ့ပြီး ကျေးရွာကြီး ၄ ရွာအတွက် နွား ၁ ကောင်နှင့် ကျန်ရှိသော ကျေးရွာငယ် ၁၀ ရွာအတွက် နွား ၂ ကောင်ကို မျှတစွာ ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုရ်ဘာနီပွဲတော်ကာလအတွင်း အစ္စလာမ်ဘာသာဝင်များ ဝယ်ယူအသုံးပြုမည့် နွားများကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင်လည်း မူဆလင်ပြည်သူများအတွက် ကုရ်ဘာနီနေ့ အသားလှူဒါန်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အသားများကို စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း ကုရ်ဘာနီအကြိုနေ့ အထိမ်းအမှတ်အဖြစ် ULA/AA က လူသားချင်းစာနာထောက်ထားမှုအား ရှေးရှု၍ စစ်သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များနှင့် အရပ်ဘက်အကျဉ်းသားအပါအဝင် စုစုပေါင်း ၅၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြောက်ဦးခရိုင်အတွင်းက တစ်နေရာတွင် မူဆလင်လူမျိုးတို့၏ ကုရ်ဘာနီပွဲအကြို အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးဘောလုံးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို မေလလယ်ပိုင်းမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မေလ ၂၆ ရက်နေ့အထိ ပွဲစဥ်များ ဆက်လက်ယှဥ်ပြိုင်နေကြဆဲဖြစ်ကာ ဆုပေးပွဲအခမ်းအနားကိုမူ ကုရ်ဘာနီပွဲတော်ရက် ကျင်းပပြီးနောက်ပိုင်း ပြုလုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။


