သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် ပျက်စီးနေသည့် ဆင်စွယ်ရ(သက္ကမ) ရွာလမ်းပိုင်းကို ဌာနဆိုင်ရာနှင့် ဒေသခံများ ပူးပေါင်းပြုပြင်နေ


​AB News – ဇွန် ၄၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း နှစ်ရှည်လများ ဆိုးဝါးစွာ ပျက်စီးနေသည့် ဆင်စွယ်ရ (သက္ကမ) ကျေးရွာချင်းဆက် လမ်းပိုင်းအား အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ဝိုင်းဝန်း၍ ပြုပြင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆင်စွယ်ရရွာလမ်းပိုင်းသည် နှစ်စဉ်မိုးရာသီကာလများတွင် ရွှံ့ဗွက်ထူထပ်ပြီး သွားလာရ အလွန်ခက်ခဲသောကြောင့် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် များစွာ ထိခိုက်စေခဲ့သည်။

​ယခုနှစ် မိုးရာသီအကြိုတွင် ဌာနဆိုင်ရာများနှင့် ဒေသခံများက အချိန်မီ ပူးပေါင်း၍ ပြုပြင်ပေးနေမှုအပေါ် ဆင်စွယ်ရရွာသားတစ်ဦးက AB News သို့ ဤကဲ့သို့ ပြောဆိုသည်။

​”အရင်နှစ်တွေကဆို မိုးရွာပြီဆိုတာနဲ့ ဒီလမ်းက လုံးဝသွားလို့ မရတော့ဘူး။ အခုလို မိုးမကြီးသေးတဲ့အချိန်မှာ ဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းပြီး အချိန်မီ ပြုပြင်ပေးကြလို့ တကယ့်ကို ဝမ်းမြောက်မိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခင်က အဆိုပါလမ်းပိုင်း ပျက်စီးနေမှုကြောင့် ဒေသခံများ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် များစွာ ထိခိုက်ခဲ့ရကြောင်းနှင့် အထူးသဖြင့် ဆဌမတန်းကျောင်းသားလူငယ်များမှာ အိမ်နီးနားချင်းရွာဖြစ်သည့် ငကျိုင်တောက်ရွာသို့  ခက်ခဲစွာ သွားရောက်၍ ပညာသင်ကြားခဲ့ရကြောင်း ၎င်းက ဆက်လက်၍ ပြောကြားခဲ့သည်။

လမ်းပိုင်းပြုပြင်ရာတွင် လိုအပ်သည့် တေဘာကားများနှင့် ဘက်ဟိုး (မြေတူးစက်) များကိုလည်း ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးခဲ့ကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ