AB News – မေ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးခရိုင်အတွင်းရှိ တစ်နေရာတွင် မူဆလင်လူမျိုးတို့၏ ကုရ်ဘာနီပွဲအကြို အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးဘောလုံးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို မေလလယ်ပိုင်းမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု မေလ ၂၆ ရက်နေ့အထိ ပွဲစဥ်များ ဆက်လက်ယှဥ်ပြိုင်နေကြဆဲဖြစ်ကာ ဆုပေးပွဲအခမ်းအနားကိုမူ ကုရ်ဘာနီပွဲတော်ရက် ကျင်းပပြီးနောက်ပိုင်း ပြုလုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။
ကုရ်ဘာနီပွဲတော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘဲ လွတ်လပ်ပျော်ရွှင်စွာ ကျင်းပခွင့်ရရှိကြောင်း ဒေသခံမူဆလင်များက ဆိုကြသည်။
ဘောလုံးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် မူဆလင်အမျိုးသားတစ်ဦးက “အရင်စစ်အစိုးရလက်ထက်တုန်းကဆိုရင် ဘာသာရေးပွဲတွေ၊ လူထုအခြေပြုပွဲတွေ လုပ်ဖို့ဆိုတာ အဆင့်ဆင့် ခွင့်ပြုချက်တောင်းရသလို အမြဲတမ်းလည်း စိုးရိမ်စိတ်နဲ့ ကျင်းပခဲ့ရတာ။ အခုကတော့ ကျွန်တော်တို့ သာသနာရေးပွဲကို လွတ်လွတ်လပ်လပ်နဲ့ စည်စည်ကားကား ကျင်းပခွင့် ရလာတယ်။ ဒါဟာ ဒေသတွင်းမှာ ရှိတဲ့ လူမျိုးစုတွေအကြား တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်ရဲ့ သဘောတရားကို လက်တွေ့ခံစားရတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြိုင်ပွဲတွင် ဒေသတွင်းရှိ မူဆလင်ကျေးရွာများမှ ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်နေကြပြီး ပွဲကြည့်ပရိသတ်များအဖြစ် အနီးနားရှိ ရက္ခိုင်တိုင်းရင်းသားများနှင့် အခြားလူမျိုးစုများကပါ လာရောက်အားပေးကြသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားနေကြဆဲဖြစ်ပြီး၊ မြောက်ဦးခရိုင်အတွင်းရှိ မူဆလင်ပြည်သူများမှာ ကုရ်ဘာနီပွဲတော်နှင့်အတူ ချစ်ကြည်ရေးဘောလုံးပွဲကိုပါ တစ်ပြိုင်တည်း လွတ်လပ်အေးချမ်းစွာ ဆင်နွှဲလျက်ရှိသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကလည်း အာရက္ခတပ်တော် ၁၇ နှစ်ကြိမ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ရက္ခိုင်ပြည်တွင်းရှိ လူမျိုးပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS တပ်ဖွဲ့က လုံခြုံရေးတာဝန်ယူပေးခဲ့ပြီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။




