AB News – ဇူလိုင် ၅၊ ၂၀၂၆
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်း၏ ကာကင်းစခန်းကုန်း ၂ ခုအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကြားမှ ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ (၂၂၇) ပွိုင့်ကုန်း၏ အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာ၌ တပ်စွဲထားသော ပထမကာကင်းကုန်းနေရာအားလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ (၂၂၇) ပွိုင့်ကုန်းမှ (၁) ကီလိုမီတာခန့်အကွာအဝေးရှိ ဒုတိယကာကင်းကုန်း(တာဝါတိုင်စခန်းကုန်း)တို့အား အာရက္ခတပ်တော်(AA)မှ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန်လ (၁၇/၁၉/၂၁) ရက်နေ့များတွင် ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နှင့် ပွိုင့် (၁၄၈) ကုန်းတို့အား အာရက္ခတပ်တော်မှ ဆက်တိုက် သိမ်းပိုက်ရယူခဲ့ပြီးနောက်ပိုင်းတွင်လည်း တိုက်ပွဲများမှာ အဆိုပါပတ်ဝန်းကျင်များ၌ နေ့စဉ်ရက်ဆက်ဖြစ်ပွားလျက်ရှိနေခဲ့သည်။
စစ်ကော်မရှင်တပ်သည် အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနားပြုလုပ်လာခဲ့ကြောင်း သိရသည်။
(၃၄၄) အမြောက်တပ်သို့ ပုသိမ်အခြေစိုက်တပ်ရင်းများမှ ထပ်မံ အင်အားဖြည့်တင်းနေသည့်နည်းတူ လေးမျက်နှာဘက်တွင်လည်း အင်အားဖြည့်တင်းလျက်ရှိသည်။
ထို့အပြင် ပုသိမ်-မုံရွာလမ်းပိုင်း စိုးမိုးရေးကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းတစ်လျှောက်၌ တပ်ဖြန့်နေရာယူခြင်းတို့ကို စစ်အင်အားအများအပြားသုံးကာ ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်နှင့် စစ်ဆိုင်ထားသောနေရာများအား အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလျက်ရှိသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။
အဆိုပါ ကာကင်းစခန်းကုန်းသိမ်းတိုက်ပွဲများအတွင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့သည်။ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ပွိုင့် (၂၂၇) ကုန်းသို့ ကစဉ့်ကလျား ထွက်ပြေးနေသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk




