
AB News – ဇူလိုင် ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကော်မရှင်တပ်က ထောင်ထားခဲ့သည့် လက်ကျန်မြေမြှုပ်မိုင်း ၃၅ လုံးကို အာရက္ခတပ်တော်က ရှာဖွေ၍ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်၊ နံနက် ၁၁ နာရီ၊ ၄၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ဂေါင်ညာကျေးရွာအနီး၌ စစ်ကော်မရှင်တပ်၏ လက်ကျန်မြေမြှုပ်မိုင်းများ တွေ့ရှိကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက အာရက္ခတပ်တော်ထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။
သတင်းရရှိပြီးနောက် ဇူလိုင်လ ၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးအဖွဲ့သည် လဘော်ဇားစခန်း၏ တောင်ဘက် ၁ ကီလိုမီတာခန့်အကွာရှိ ဂေါင်ညာကျေးရွာအနီးသို့ သွားရောက်ကာ မိုင်း ရှာဖွေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှာဖွေရှင်းလင်းရာတွင် အဆိုပါနေရာဝန်းကျင်မှ စစ်ကော်မရှင်တပ် ထောင်ထားခဲ့သည့် လက်ကျန်နင်းမိုင်းအမျိုးအစား M-14 မိုင်း စုစုပေါင်း ၃၅ လုံးကို ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ တိုက်ပွဲများပြင်းထန်ခဲ့သည့် မောင်တောဒေသ၌ စစ်ကော်မရှင်တပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လုံခြုံရေးစိုးရိမ်မှုများ ဆက်လက်ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုကြသည်။