AB News – ဇွန် ၂၆၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ရာသီဥတုမျှတပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေးအတွက် Green Arakkha စီမံကိန်းအရ မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးရေးကာလအဖြစ် သတ်မှတ်ကာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးပြီး သစ်ပင်များအား ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ပါတီလူငယ်အင်အားစုများက တစ်ချိန်တည်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း သိရသည်။
ရက္ခိုင်ပြည်တွင် ယခင်အစိုးရအဆက်ဆက်က သစ်တောသယံဇာတ ထိန်းသိမ်းရေးအပေါ် အလေးဂရုပြု ဆောင်ရွက်မှု အားနည်းခဲ့ခြင်းကြောင့် သစ်တောပြုန်းတီးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် ရာသီဥတုဖောက်ပြန်ခြင်း၊ အပူချိန်လွန်ကဲခြင်းနှင့် သောက်သုံးရေ ရှားပါးခြင်းစသည့် အကျပ်အတည်းများကို ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ထို့ကြောင့် လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(APRG) အနေဖြင့် အဆိုပါ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများအား ကုစားရန်နှင့် ဒေသတွင်း ဂေဟစနစ် ပြန်လည်မျှတစေရန်အတွက် ရည်ရွယ်ကာ သစ်ပင်များ ပြန်လည်ပျိုးထောင် စိုက်ပျိုးခြင်း လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်၍ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်ကလည်း ရက္ခိုင်ပြည်အတွင်း NGO အဖွဲ့များနှင့် အခြားလူမှုအဖွဲ့အစည်းအသီးသီးက သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း စိုက်ပျိုးပြီးနောက် စနစ်တကျ ပြုစုပျိုးထောင်မှုနှင့် ရေရှည်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် စိုက်သမျှအပင်များ ရှင်သန်ကြီးထွားမှုမရှိဘဲ သေဆုံးပျက်စီးခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။
ယခုအခါတွင် ထိုအားနည်းချက်ကို ပြုပြင်ပြီး “သစ်ပင်စိုက်ပျိုးခြင်းနှင့်အတူ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်း” ကိုပါ ပူးတွဲလုပ်ဆောင်လာကြပြီး စိုက်ပျိုးလိုက်သည့် အပင်တိုင်း ရှင်သန်ကြီးထွားလာစေရန်အတွက် စိုက်ပျိုးသူကိုယ်တိုင် တာဝန်ယူ ပြုစုစောင့်ရှောက်ရမည့် စနစ်ကိုပါ ကျင့်သုံးနေကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို ဇွန်လ ပထမအပတ်မှ စတင်ကာ ULA မှ ပါတီလူငယ်အင်အားစုများ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဝန်ထမ်းများ၊ DLEPS တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူငယ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကာ အရိပ်ရအပင်များကို စိုက်ပျိုးနေကြခြင်းဖြစ်သည်။
(ဓာတ်ပုံ – ပေးပို့)



