
AB News – မတ် ၂၁၊ ၂၀၂၆
ရက္ခိုင်က မြို့ ၂ မြို့တွင် ယမန်နေ့ မတ်လ ၂၀ ရက်နေ့က စစ်ကျန်မိုင်းပေါင်းကွဲ၍ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ နေ့လယ် ၁၂ ခန့်အချိန်တွင် ယခင်က စစ်ကော်မရှင် တပ် စခန်းချခဲ့သည့်နေရာအနီးသို့ မြေဖိုး ၂ ဦး သစ်ခုတ်သွားရာ စစ်ကျန်မိုင်းနင်းမိ၍ အဖိုးဖြစ်သူမှာ ၎င်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။
သေဆုံးခဲ့သူမှာ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဦးလှစိုးဖြူ ဖြစ်ကြောင်း သိရသည်။
အလားတူ မင်းပြားမြို့နယ်တွင်လည် ထင်းခုတ်သွားသည့် အမျိုးသမီးတစ် စစ်ကျန်မိုင်းနင်း၍ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူမှာ မင်းပြားမြို့၊ ဂြမ်းမရပ်ကွက်မှ အသက် ၃၃ နှစ်အရွယ် ဒေါ်အေးခိုင်မိုး ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်အချိန်တွင် အခြားအမျိုးသမီး ၃ ဦးနှင့်အတူ ထင်းခုတ်သွားစဥ် မင်းပြားမြို့၊ ကျိန်းတောင်ရှိ ရင်ကွဲဇရပ်အနီးတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါဖြစ်စဥ်ကြောင့် ဒေါ်အေးခိုင်မိုး၏ ညာဖက်ခြေထောက် ခြေသူကြွယ်အပါအဝင် ခြေချောင်းနှစ်ချောင်း ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေးရွာမှ စစ်ရှောင်တစ်ဦးမှာလည်း စစ်ကျန်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်ထွက်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မိုင်းနင်းမိ၍ သံတွဲမြို့နယ်၊ ကျောက္ကလပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်သွားကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေ၍ အာရက္ခပြည်သူတော်လှန်ရေးအစိုးရမှ ဦးဆောင်ကာ မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။