သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
​အီဒုလ်ဖွိသိရ်နေ့ အထိမ်းအမှတ်အဖြစ် မောင်တောခရိုင်ပါတီမှ ​စားနပ် ရိက္ခာထောက်ပံ့

AB News – မတ် ၂၁၊ ၂၀၂၆

အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အီဒုလ်ဖွိသိရ် (Eid al-Fitr) နေ့ကို ဂုဏ်ပြုသောအားဖြင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ၊မောင်တောခရိုင်ပါတီက မြို့ပေါ်ရှိ မူဆလင်ဒေသခံများအား စားနပ်ရိက္ခာ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

​ယခုကဲ့သို့ ထောက်ပံ့ရခြင်းမှာ လက်ရှိကာလအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားနပ်ရိက္ခာ အကျပ်အတည်း ကြုံတွေ့နေရသည့် မိသားစုများအတွက် ဘာသာရေးပွဲတော်ရက်တွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့က မောင်တောမြို့မဂျာမေဗလီကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနား၌ မောင်တောမြို့ပေါ် ရပ်ကွက် (၁၂) ခုရှိ စားဝတ်နေရေး ခက်ခဲနေသည့် မူဆလင်အိမ်ထောင်စု (၂၀၀) ကျော်အတွက် ဆယ်လ်မန်မုန့်၊ နို့ဆီနှင့် သကြားစသည့် ရိက္ခာပစ္စည်းများကို ဝေငှပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မောင်တောဂျူရီအဖွဲ့ဝင် မော်လဝီဆရာ မော်ဆော်အုဒ်က အီဒုလ်ဖွိသိရ်နေ့၏ အနှစ်သာရနှင့် ပတ်သက်၍ ဟောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် အုပ်ချုပ်​ရေးအဖွဲ့ဝင်များ တက်ရောက်ကာ ဘာသာရေးအသိုက်အဝန်းနှင့်အတူ စည်းလုံးညီညွတ်မှု ပြသခဲ့ကြသည်ကို တွေ့ရသည်။

ယခင် စစ်ကော်မရှင် လက်ထက်တွင် အာရက္ခပြည်ရှိ မူဆလင်လူမျိုးများမှာ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များ ဆုံးရှုံးခဲ့ရသော်လည်း၊ လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်တွင် ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ တန်းတူညီမျှမှုများ ပြန်လည်ရရှိလာကြောင်း ဘာသာရေးခေါင်းဆောင်များက ပြောဆိုသည်။

“အရင်က ဆုံးရှုံးခဲ့ရတဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေနဲ့ တန်းတူညီမျှမှုတွေကို အခု အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရလက်ထက်မှာ ကျ​နော်တို့ လက်တွေ့ ခံစားနေရပါပြီ။ အခုလို အကျပ်အတည်းကာလမှာ အစိုးရက လာရောက်ကူညီတာဟာ ကျ​နော်တို့အတွက် အများကြီး အထောက်အကူပြုပါတယ်။ အီဒုလ်ဖွိသိရ်နေ့ဟာ ပေးကမ်းခြင်းနဲ့ ခွင့်လွှတ်ခြင်းနေ့ဖြစ်သလို၊ အခုလို အစိုးရနဲ့ ပြည်သူကြား နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်တာဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်ပါတယ်” ဟု ဒေသခံ မူဆလင်ဘာသာရေး အကြီးအကဲတစ်ဦးက ဆိုသည်။

ခေတ်အဆက်ဆက် အုပ်ချုပ်သူများက လူမျိုးရေးပဋိပက္ခများကို ဖော်ဆောင်ခဲ့သည့် အာရက္ခဒေသတွင် ယခုအခါ မတူကွဲပြားသည့် လူမျိုးစုများအကြား လူမှုသဟဇာတဖြစ်မှု မှာ သိသိသာသာ မြင့်တက်လာနေကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်​နေကြသည်။

AB_News #Maungdaw #ArakanState #EidAlFitr #APRG #HumanitarianAid #MuslimCommunity #SocialHarmony #Equality #ReligiousFreedom #EidMubarak #UnityInDiversity

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ