
AB News – မတ် ၁၆ ၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဆယ်ကျော်သက်အရွယ် အလယ်တန်းကျောင်းသူ ၂ ဦး မတ် ၁၄ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် အလယ်စျေးချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၊ ဝမ်းဒီးရပ်ကွက်မှ မိခင် ဒေါ်လှစောညွန့်၏ သမီး ဖြစ်သူ မသဇင်ဦး အသက် ၁၃ နှစ်နှင့် မြောက်ဦးမြို့၊ ချင်းပျံရပ်ကွက်မှ ဦးလှဖြူ၏ သမီး မငွေဖြူချေ အသက် ၁၄ နှစ်တို့ ဖြစ်ကြောင်း သိရသည်။
ကျောင်းသူနှစ်ဦးမှာ ကျောင်းမှ ဆရာမအား တိုင်၍ ကျောင်းဆင်းလာခဲ့ကာ အလယ်စျေးချောင်းတွင် ရေချိုးစဉ် ရေနစ်မြှုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ရေနစ် သေဆုံးခဲ့သည့် အမျိုးသမီးငယ် ၂ ဦးလုံးမှာ အလယ်တန်းအဆင့် ဆဋ္ဌမတန်းတွင် ပညာသင်ကြားနေသူများဖြစ်ကြပြီး ကျောင်းသူ နှစ်ယောက်၏ ရုပ်အလောင်းကို အခင်းဖြစ်သည့်နေ့ ညနေ ၄ နာရီကျော်အချိန်တွင် ရပ်ကွက်နေသူများက ဝိုင်းဝန်း ရှာဖွေရာ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပျော်(ရခိုင်)ကျေးရွာတွင် ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ဆပ်ကျာ(မူဆလင်)ကျေးရွာ အရှေ့ဘက်ရှိ လေးမြို့မြစ်အတွင်း မူဆလင်ကလေးငယ်တစ်ဦး ရေချိုးနေစဉ် ရေနစ်သေဆုံးခဲ့ရသည်။