
AB News – မတ် ၁၅၊ ၂၀၂၆
မိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်လိုက်ရသည့် စစ်ဘေးရှောင် အိမ်ထောင်ဦးစီးတစ်ဦး ခြေတုတစ်ဖက် အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
မိုင်းနင်းမိ၍ ခြေတစ်ဖက်ဖြတ်လိုက်ရသူမှာ စစ်တွေမြို့နယ်၊ ကျောက်တန်းချေကျေးရွာမှ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်တွေမြို့နယ်မှ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်လာစဥ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းနင်းမိစဥ်က စစ်တွေဆေးရုံကြီးတွင် ၂၈ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ထိုအချိန်က ICRC မှ ကျပ်ငွေ ၁၄ သိန်းခန့်၊ အသုံးအဆောင်ပုံး ၁ ပုံးနှင့် ချိုင်းထောက် ၁ စုံ လာရောက်ထောက်ပံ့ပေးခဲ့ကာ ခြေတုအတွက် လိုအပ်သည့် အချက်အလက်များကို ကောက်ယူသွားကြောင်းလည်း ဦးမောင်ကျော်သန်း က ပြောသည်။
“လက်ရှိမှာတော့ လက်ထောက်လေးကို အားကိုပြီး သွားလာနေရတယ်။ ICRC က ဆက်သွယ်ဖို့ပေးထားတဲ့ အချက်အလက်တွေပါတဲ့ ဖုန်းကိုလည်း စစ်ကော်မရှင်တပ်က သိမ်းသွားတယ်။ ပြီးတော့ ဦးလေးလည်း ဆေးရုံးက ဆင်းပြီးတော့ မိသားစုရှိရာကို လိုက်လာရတော့ ခြေတုရဖို့ ဆက်သွယ်ချင်ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူး” ဟု ၎င်း က ဆိုသည်။
လက်ရှိတွင် ဦးမောင်ကျော်သန်းမှာ ဇနီးဖြစ်သူ၊ သားဖြစ်သူတို့နှင့်အတူ စစ်ရှောင်စခန်းတွင် နေထိုင်လျှက်ရှိပြီး ဇနီးဖြစ်သူမှာ အကြားအာရုံယိုယွင်းနေသူတစ်ဦးဖြစ်ပြီး အသက် ၃၂ အရွယ် သားဖြစ်သူမှာလည်း လေးဖက်နာရောဂါဝေဒနာကို ခံစားနေရသူဖြစ်သည်။
“စစ်ရှောင်စခန်းကို ရောက်စကတော့ ဦးလေးတို့မှာ ပါလာတဲ့ ရှိစုမဲ့စုလေးတွေကို ထုခွဲရောင်းချပြီး စားကြတယ်။ ဒီမှာတော့ အကုန်လုံးက ထင်းခုတ်စားကြတယ်။ ဦးလေးကတော့ ခြေတစ်ဖက်မရှိတော့ တောတောင်ထဲကို သွားလို့မရဘူးလေ။ ဦးလေး သားကလည်း လေးဖက်နာဖြစ်နေတော့ အဆင်မပြေဘူး။ ခုတော့ ဦးလေး မိန်းမက မုန့်တီရောင်းတယ်၊ သိပ်အဆင်မပြေပါဘူး။ သူက နားမကြားတာ နှစ် ၃၀ နီးပါးလောက် ကြာနေပြီဆိုတော့ ဝယ်သူတွေနဲ့ ပြောရတာတွေမှာ အခက်အခဲရှိတယ်” ဟု ဦးမောင်ကျော်သန်းက AB News သို့ ပြောသည်။
ထို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် ခြေတုတစ်ဖက်ကို အရေးပေါ်လိုအပ်နေကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။
မိသားစုစားဝတ်နေရေးအတွက် ဇနီးဖြစ်သူ၏ လုပ်အားကိုသာ မှီခိုနေရသောကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရက္ခိုင်ပြည်တွင် စစ်ကျန်လက်နက်များနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ကိုယ်လက်အင်္ဂါယိုယွင်းခဲ့ရသူ အများအပြားရှိနေပြီး အများစုမှာ ကူညီထောက်ပံမှုများမရရှိသဖြင့် မိသားစုများမှာ ဘဝရှင်သန်ရပ်တည်နိုင်ရန် အခက်အခဲများစွာကို ရင်ဆိုင်နေရသည်။