AB News – ဇူလိုင် ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်သည် လေကြောင်းမှ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကို ယနေ့ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၁ နာရီ၊ ၃၁ မိနစ်တွင် ပထမအကြိမ်၊ ၁၁ နာရီ၊ ၃၃ မိနစ်တွင် ဒုတိယအကြိမ်နှင့် ၁၁ နာရီ ၃၅ မိနစ်တွင် တတိယအကြိမ် ဆက်တိုက်ပြုလုပ်ခဲ့ပြီး ပေါင် ၃၀၀ ဗုံး ၃ လုံးကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက AB News သို့ ပြောသည်။
သေဆုံးသူများမှာ မအီမြို့၊ အမှတ် (၂) ရပ်ကွက်မှ အသက် ၃၄ နှစ်အရွယ် ညီညီဇော်၊ အမှတ် (၃) ရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် မူမူဌေး၊ အမှတ် (၂) ရပ်ကွက်မှ အသက် ၁၉ နှစ်အရွယ် မလပြည့်စံ၊ ရမ်းဗြဲမြို့နယ် ကုလားပုန်းကျေးရွာမှ စစ်ဘေးရှောင် အသက် ၁၇ နှစ်အရွယ် ထွန်းလင်းစိုးနှင့် ရမ်းဗြဲမြို့နယ် ကုလားပုန်းကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ညီညီထွေးတို့ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၁၄ ဦးအနက် ၁၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိထားကြောင်း ဒေသခံများက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၂၃ လုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်သည် ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။








