AB News – ဇူလိုင် ၁၊ ၂၀၂၆
ဘူးသီးတောင်မြို့နယ်တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၀ ခန့်က စစ်ကော်မရှင် လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးနှင့် Y 12 တစ်စီးဖြင့် ဘူးသီးတောင်မြို့နယ်၊ ဝါချီးလား (မူဆလင်) ကျေးရွာအနီးရှိ ဘောလုံးကွင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါချီးလားကျေးရွာမှ မူဆလင်ကလေးငယ်တစ်ဦး ဗုံးစထိမှန်ပြီး ဘယ်ဖက်ပေါင်ရိုး ကျိုးသွားကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူမှာ ဝါချီးလားကျေးရွာမှ ဦးဘာဆဲလ် ၏ သား အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဒဏ်ရရှိခဲ့သည့် ကလေးငယ်အား နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ထားပြီး အရေးပေါ်ဆေးကုသမှုများ ခံယူနေရကြောင်း သိရသည်။


