Breaking News
AB News – မတ် ၂၉၊ ၂၀၂၆
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကြောင်ချောင်းကျေးရွာကို ယနေ့ညနေပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးသွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
ယနေ့ မတ်လ ၂၉ ရက်၊ ညနေ ၄ နာရီကျော်အချိန်တွင် စကမ လေတပ်မှ ဂျက်ဖိုက်တာ (၂) စီးဖြင့် ကြောင်ချောင်းရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက AB News သို့ အတည်ပြု ပြောကြားသည်။
“ဒီနေ့ညနေ ၄ နာရီကျော်လောက်မှာ ကြောင်ချောင်းရွာကို စကမက ဗုံးလာကြဲသွားတာ။ ပြည်သူ ၄ ယောက် ထိခိုက်သေဆုံးသွားတယ်လို့သိရတယ်။ ဘာတိုက်ပွဲမှမရှိပဲ လာကြဲသွားတာပါ။ အပျက်အစီး အခြေအနေတော့ အတိအကျ မသိရသေးဘူး။ ထပ်လာကြဲမှာကိုလည်း ကြောက်နေရတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ လူနေကျေးရွာများကို ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများနှင့် နောက်ဆက်တွဲ ထိခိုက်မှုအခြေအနေများအား Arakan Bay News ကဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

