AB News – မတ် ၂၉၊ ၂၀၂၆
ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းဆီးနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၁၃ ဦးနှင့် ငါးဖမ်းလှေ ၃ စီးကို အာရက္ခတပ်တော် (AA) ၏ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မတ်လ ၂၈ ရက်နေ့ ၊ နံနက် ၇ နာရီခန့်တွင် ရက္ခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့နယ် ၊ရှာပိုရီယာကျွန်း (ဆင်မဖြူကျွန်း) သို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် အဆိုပါ ရေလုပ်သားများကို နတ်မြစ်ဝရှိ နာခေါင်းတိုအနီးတွင် အာရက္ခတပ်တော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ မိုဟာမက် မော်စတာဖီဇာ ရာမန် အသက် ၄၀နှစ် ၊ မိုဟာမက် ဖာရစ် ဟူစိန် အသက် ၃၀နှစ် ၊ မိုဟာမက် ရိုဘီအူ ဟာဆန်အသက် ၁၇ နှစ်တို့အပါအဝင် အခြားရေလုပ်သား ၁၀ ဦးတို့ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ကလည်း နတ်မြစ်ဝနှင့် မီတာ ၈၅၀ ခန့်အကွာတွင် တရားမဝင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးနှင့် ငါးဖမ်းလှေ ၁ စီးကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသော ငါးဖမ်းသမားများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အာရက္ခတပ်တော် (AA) မှ ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရက္ခိုင်ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများ၏ တရားမဝင် ကျူးကျော်ငါးဖမ်းမှုများကို အာရက္ခတပ်တော်က အကြိမ်ကြိမ် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

