AB News – ဇွန် ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိခဲ့သူ ၁၃ ဦးအား ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) မှ ငွေကျပ် ၉၁ သိန်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီနှင့် မွန်းလွှဲ ၁၂ နာရီခန့်အချိန်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ကျောက်ဆည်ပြင်ရွာဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ရဟန်းသံဃာတော် ၃ ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။
ကျောက်ဆည်ပြင်ရွာ လေကြာင်းတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည့် ဆေးဖိုးနှင့် အာဟာရ အစရှိသည့် လိုအပ်သောအရာများ အသုံးပြုနိုင်ရန်အတွက် တစ်ဦးလျှင် ၇ သိန်းကျပ်နှူန်းဖြင့် စုစုပေါင်း ငွေကျပ် ၉၁ သိန်း ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါထောက်ပံ့မှုအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ARE တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – ရက္ခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE)


