
AB News – ဇွန် ၁၀၊၂၀၂၆
ပဲခူးတိုင်းအတွင်း ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကော်မရှင်အား အရေးယူပေးရန်နှင့် တရားမျှတမှု ဆောက်ရွက်ပေးရန် အာဆီယံနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား Fortify Rights အဖွဲ့က ယမန်နေ့ ဇွန်လ ၉ ရက်နေ့ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့က ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကော်မရှင်လေတပ်မှ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် မြေပြင်မှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် စုစုပေါင်း ပြည်သူ ၂၈ ဦး သေဆုံးခဲ့ရသည်။
ဤကဲ့သို့ အရပ်သားများကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း Fortify Rights မှ ဇွန်လ ၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
“ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဟာ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံနေတယ်လို့ ယူဆရတဲ့ ဒေသက အရပ်သားတွေကို အကြောက်တရား လွှမ်းမိုးအောင် ပြုမှုလုပ်ဆောင်နေတဲ့ စစ်တပ်ရဲ့ အဆက်မပြတ် ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ပါတယ်” ဟု Fortify Rights ၏ ဒါရိုက်တာ John Quinley က ဆိုသည်။
အဆိုပါ ရေတွင်းကုန်းကျေးရွာအုပ်စုသို့ စစ်ကော်မရှင်တပ်၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (၂၀) ၊ ခြေလျင်တပ်ရင်း (၂၆၄) ၊ ခြေမြန်တပ်ရင်း (၄၃၉) ပူးပေါင်းစစ်ကြောင်းတို့က ဝင်ရောက်စီးနင်းပြီး ကျေးရွာသားမဖားအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်အကြာ မတ်လ ၇ ရက်နေ့တွင် PDF တပ်ဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ ပူးပေါင်းကာ ဖမ်းဆီးခံထားရသည့် ဒေသခံများကို ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ သိရသည်။
ပဲခူးမြို့အတွင်း အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကော်မရှင်နှင့် ဒီမိုကရေစီလိုလားသည့် ခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခသည် ပိုမိုပြင်းထန်လာခဲ့သည်။
မြန်မာစစ်ကော်မရှင်သည် ပဲခူးတိုင်း၊ ကရင်နီ၊ ကချင်ပြည်နယ်နှင့် အခြားနေရာများရှိ အရပ်သားများ နေထိုင်ရာ နေရာများအား စစ်ရေးနယ်မြေမဟုတ်ဘဲ အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းမှာ စစ်ရာဇဝတ်မှုများအဖြစ် ပြဋ္ဌာန်းနိုင်ဖွယ်ရှိကြောင်း ဆိုထားသည်။
ဤတိုက်ခိုက်မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျုးလွန်နေသော တိုက်ခိုက်မှုပုံစံတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း Fortify Rights က ဆိုထားသည်။
ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် စစ်ကော်မရှင်ကို တာဝန်ခံစေရန် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။