သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် ဒေသဖွံ့ဖြိုးရေးအတွက် AA နှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်

AB News – ဇွန် ၁၀၊ ၂၀၂၆

ဘူးသီးတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရန်အတွက် အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ ကျောက်စာတိုင်ကျေးရွာ နှင့် ဂူတာပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းနှင့် ပျဉ်အမျိုးအစား တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများကို AA နှင့် ဒေသခံများ စုပေါင်း ဆောင်ရွက်နေကြပြီး ကျေးရွာအချင်းချင်း သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေရန် ရည်ရွယ်ထားကြောင်း ဒေသခံများက ပြောသည်။

“အရင်က ဒီလမ်းပိုင်းမှာ သွားလာရတာ ခက်ခဲပါတယ်။ မိုးတွင်းကာလဆို ပိုဆိုးပြီး ကုန်ပစ္စည်းသယ်ယူဖို့တောင် အခက်အခဲရှိတယ်။ အခုလို လမ်းနဲ့တံတားသစ် တည်ဆောက်ပေးနေတော့ ပြည်သူတွေအတွက် အများကြီး အဆင်ပြေလာမှာပါ” ဟု ကျောက်စာတိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ဂူတာပြင်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း “ဒေသဖွံ့ဖြိုးရေးဆိုတာ လမ်းပန်းဆက်သွယ်ရေးကနေ စတင်ရတာပါ။ လမ်းကောင်းလာရင် စိုက်ပျိုးရေး ထွက်ကုန်တွေ သယ်ယူရောင်းချဖို့ ပိုလွယ်လာမယ်။ လူနာတွေကို ဆေးကုသဖို့ ပို့ဆောင်ရာမှာလည်း အဆင်ပြေသွားမယ်” ဟု ဆိုသည်။

ယခုဆောင်ရွက်နေသည့် လမ်းနှင့်တံတားသစ် တည်ဆောက်ရေး လုပ်ငန်းများသည် ဒေသတွင်း လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“အခုလို AA နဲ့ ပြည်သူတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်နေတာကို မြင်ရတော့ ဒေသအတွက် မျှော်လင့်ချက်တွေ ပိုရှိလာတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာနဲ့အမျှ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေပါ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် AA နှင့် ဒေသခံပြည်သူများ ပူးပေါင်း အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ