သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် လယ်ယာမြေများကို ပျက်စီးစေသည့် ဒုံးပိုင်းချောင်းဆည်ဖို့မှုအား မူလအတိုင်းဖောက်လုပ်ရန် ဗဟိုမြေယာကော်မတီမှ အပြီးသတ်ဆုံးဖြတ်ချက်ချ   


AB News – မေ၂၄၊ ၂၀၂၆
 
ပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းအုပ်စုရှိ ဒုံးပိုင်းချောင်းအား ပုဇွန်ကန်အဖြစ် တာဘောင်ဆည်ဖို့ခြင်းက လယ်ယာမြေများကို ပျက်စီးစေသောကြောင့်  မူလအတိုင်းပြန်လည်ဖောက်လုပ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
 
​ပုဏ္ဏားကျွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု အနီးရှိ ဧက ၃၀ ခန့်ကျယ်ဝန်းသော ဒုံးပိုင်းချောင်းအား  ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရန် အလယ်ချောင်းကျေးရွာမှ ဦးငတိုးနှင့် ညီအစ်ကိုများက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တာဘောင်ဆည်ဖို့ကာ ပိတ်ဆို့ခဲ့ကြသည်။
 
​ထိုသို့ ချောင်းပိတ်ဆည်ဖို့မှုကြောင့် ချောင်း၏ဝဲယာတစ်လျှောက် ဘိုးစဉ်ဘောင်ဆက် စပါးစိုက်ပျိုးလာခဲ့သည့် ဦးမောင်စံအေး အပါအဝင် အခြားလယ်သမား ၄ ဦး၏ လယ်ယာမြေများမှာ ဆားငန်ရေများ ဝင်ရောက်လာခြင်း၊ ရေလွှမ်းမိုးခြင်းတို့ကြောင့် စပါးသီးနှံများ နှစ်စဉ်ပျက်စီးကာ သီးနှံထွက်နှုန်း တဖြည်းဖြည်း လျော့နည်းကျဆင်းလာခဲ့ကြောင်း သိရသည်။
 
စားဝတ်နေရေး ခက်ခဲလာသည့်အပြင် မြေဆီလွှာတွင် မြေအချဉ်ဓာတ် ပေါက်လာသောကြောင့် နောင်တွင် သီးနှံလုံးဝစိုက်ပျိုး၍မရဘဲ လယ်ယာမြေများ လုံးဝပျောက်ကွယ်သွားနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
 
“စပါးစိုက်တဲ့ သူတွေက ရေချိုလိုချင်ပြီး ငါးပုစွန်မွေးတဲ့သူတွေက ရေငန်လိုချင်ကြတော့ သဘာဝချင်း ဆန့်ကျင်နေတဲ့ ဒီလုပ်ငန်းနှစ်ခုကြားမှာ ကျွန်တော်တို့လယ်သမားတွေဟာ ကိုယ့်လယ်ယာမြေပေါ်မှာ ၄ နှစ်လုံးလုံး မလုပ်ကိုင်နိုင်ခဲ့ဘူး။ ကျနော်တို့ဟာ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ရပါတယ်”ဟု လယ်သမား ဦးမောင်စံအေး ကပြောသည်။
 
လယ်သမားများ စိုက်ပျိုးရေး အဆင်ပြေစေရေး ချောင်းရေလျှော့ချပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် JFA (Justice for Arakan) ဆီ တိုင်ကြားခဲ့ရာ JFA မှတဆင့် ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီဆီ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
 
ဒေသမြေယာ စီမံခန့်ခွဲမှုကော်မတီက မြေပြင်အခြေအနေကို သေချာကွင်းဆင်း စစ်ဆေးပြီး လယ်သမားများ အခက်အခဲမရှိအောင် မိုးစပါးစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များမှာ ရေလျော့ချပေးနိုင်မည့် သီးခြားရေခေါင်းတစ်ခု ထားပေးသင့်ကြောင်း အကြံပြု တင်ပြခဲ့ကြောင်း လယ်သမားများ၏ ပြောကြားချက်အရ သိရသည်။
 
“ဒုံးပိုင်းချောင်းကို ပြန်တူးဖောက်ပြီး ပုဇွန်တာလုပ်ငန်းများကို စွန့်လွှတ်ကာ ချောင်းကို နဂိုမူလ သဘာဝအတိုင်း ပြန်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်ကျော်ပြီး ဆားငန်ရေသွင်းခြင်း၊ ဆက်လက်လုပ်ကိုင်ခြင်းများ ရှိလာလျှင် တည်ဆဲဥပဒေအရ ပြတ်ပြတ်သားသား အရေးယူသွားမည်” ဟု ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီက  အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းသိရသည်။
 
“အခုလို ကျွန်တော်တို့ လယ်သမားတွေကို ငဲ့ညှာပြီး အစိုးရဘက်က မျှမျှတတ ဖြေရှင်းပေးတဲ့အတွက် တကယ်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ နောက်နောင်လည်း ကျွန်တော်တို့လို မတရား အနိုင်ကျင့် ခံနေရတဲ့ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ပေးပြီး အခုလိုမျိုးပဲ ဆက်လက် ဖြေရှင်းပေးစေချင်ပါတယ်” ဟု ဦးမောင်စံအေး က ဆက်လက်ပြောကြားသည်။
 
​ဤကဲ့သို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နှစ်ရှည်လများ ဖြစ်ပွားနေသည့် မြေယာပဋိပက္ခကို ပြတ်ပြတ်သားသားနှင့် တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းက ဒေသခံလယ်သမားများ၏ ဘိုးဘွားပိုင် လယ်ယာမြေများကို စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်မည်ဆိုသည့် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေခဲ့ကြောင်း လယ်သမားများက ဆိုကြသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ