
AB News မေ ၂၃၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် တက္ကနက်ဖ်မြို့မှ ရက္ခိုင်ပြည်ဘက်သို့ ဘိလပ်မြေအိတ် ၅၀၀ ခန့်အား ငါးဖမ်းစက်လှေဖြင့် တင်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)မှ မေလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
BGB ၏ ထုတ်ပြန်ချက်အရ မေ ၂၁ ရက်၊ ညနေ ၆ နာရီခန့်တွင် လျှို့ဝှက်သတင်းအရ တက္ကနက်ဖ်မြို့ စိန့်မာတင်ကျွန်း၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်မှ ရက္ခိုင်ပြည်ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ငါးဖမ်းစက်လှေတစ်စီးကို တားဆီးစစ်ဆေးရာမှ ဘိလပ်မြေအိတ် ၅၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
သိမ်းဆည်းရမိသည့် ဘိလပ်မြေအိတ်များ၏ ကာလတန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃၅၀,၀၀၀ ခန့်ရှိကြောင်း ဒုတိယဗိုလ်မှူးကြီး BN Suman Al Mukit က ပြောကြားသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ငါးဖမ်းစက်လှေ၊ ဘိလပ်မြေအိတ်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းထားပြီး ဆက်လက်အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
Ref/Video – Bangladesh Coast Guard