AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ ဗောဓိကုန်းဈေးအနီးသို့ စစ်ကော်မရှင်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် သံတွဲမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဗောဓိကုန်းဈေးအနီးသို့ လေကြောင်းမှ ဗုံး ၁ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးစည်သူတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဒေါ်စံပယ် (ခ) မေသန္တာဝင်း တွင် နောက်ကျော၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် အနီးဝန်းကျင်ရှိ အရပ်သား ပြည်သူများ၏ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ယနေ့ မွန်းလွဲပိုင်းအချိန်တွင်လည်း ကျောက်တော်မြို့ လမ်းမတော်ရပ်ကွက်နှင့် ဇီးချောင်းချောင်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ည ၉ နာရီကျော်မှ စတင်၍ ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ဝီရဌာနေ (ပေါက်တော) မြို့နယ်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကလည်း စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့ရှိ လူစည်ကားရာ “အိန္ဒိယဈေး” နှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့ကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲခဲ့သဖြင့် မူဆလင် တိုင်းရင်းသားများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ယင်းအနက် ၂၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိထားသည်။
မြေပြင်စစ်ပွဲများတွင် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အများအပြားရှိ ဈေးများ၊ ရပ်ကွက်များနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ပုံ – Arakan Bay News
