သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ခရစ်တော် သတ္တမ ဝတ်ပြုကျောင်းအား ဖျက်ဆီးခံရမှုမှာ သတင်းမှားသာဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများပြောဆို



AB News – မေ ၂၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင်  ခရစ်တော် သတ္တမနေ့အသင်းတော်၏ ဝတ်ပြုကျောင်းအား ဗုဒ္ဓဘာသာကိုးကွယ်သော မြိုလူဒေသခံများက  ဖျက်ဆီးခဲ့သည်ဆိုသည့် ရုပ်သံတစ်ခု  လူမှုကွန်ရက်စာမျက်နှာတွင်  ပျံ့နှံ့နေခြင်းမှာ မှန်ကန်မှု မရှိသော သတင်းမှားသာဖြစ်သည်ကို တွေ့ရှိရသည်။

သို့သော် အဆိုပါသတင်းမှာ ကောလဟလသာဖြစ်ပြီး အမှန်တကယ် ဘုရားကျောင်း ဖျက်ဆီးခံခဲ့ရခြင်းမရှိကြောင်းနှင့် ဆိုင်းဘုတ်ကိုသာ ဖြုတ်ချခဲ့ကြောင်း သတ္တမနေ့အသင်းတော်မှ သင်းအုပ်ဆရာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများက အတည်ပြုပြောဆိုကြသည်။

ကြိမ်ချောင်းကျေးရွာတွင် သတ္တမနေ့အသင်းတော်အပါအဝင် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ ၄ ဖွဲ့ရှိပြီး ခရစ်ယာန်ဘာသာဝင် အိမ်ထောင်စု ၂၀ ဝန်းကျင် နေထိုင်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာရှိ သတ္တမနေ့အသင်းတော်ပိုင် ဟောင်းနွမ်းပျက်စီးနေသည့် နေအိမ်အား ဘုရားကျောင်းအဖြစ် ဆောက်လုပ်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ ​ခွင့်ပြုချက်မတောင်းဘဲ ဧပြီလမှ စတင်ကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုကြသည်။

“ဧပြီလ ၂၇ ရက်နေ့က ကျနော့်ကို ရပ်ရွာလူကြီးကနေ ရွာမှာ ဘုရားရှိခိုးကျောင်း ဆောက်နေတာရှိတယ်ဆိုပြီး နှုတ်နဲ့တိုင်လာတာရှိတယ်။ ဒါကို ကျနော်က နှုတ်နဲ့တိုင်တာကို လက်မခံဘူး။ ကျောင်းဆောက်မယ်ဆိုရင်လည်း ခွင့်ပြုချက်မရဘဲ ဆောက်လို့မရဘူးလို့ ပြောပြီး စာနဲ့ပြန်တင်ခိုင်းခဲ့တယ်” ဟု ဆိုသည်။

ထို့နောက် မေလ ၁ ရက်နေ့တွင် ကျောင်းဆောက်လုပ်မည့်ကိစ္စကို သဘောမတူသည့် ကြိမ်ချောင်းကျေးရွာသား ၇၅ ဦး၏ လက်မှတ်ရေးထိုးထားသော ကန့်ကွက်လွှာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သက်​ဆိုင်ရာဌာနများသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းရန် မေလ ၄ ရက်နေ့တွင် အဖွဲ့အစည်းနှစ်ဖက်လုံးကို ချိန်းဆိုခဲ့သော်လည်း သင်းအုပ်ဆရာများဘက်က ရောက်ရှိမလာဘဲ နောက်ရက်မှသာ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်လွှာတစ်စောင် တင်သွင်းခဲ့ကြောင်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးရာတွင် ခွင့်ပြုချက်မရရှိသေးဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ ပြီးစီးလုနီးပါး ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအဆောက်အအုံမှာ နေအိမ်မဟုတ်ဘဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်ကြောင်း ပြသသည့် “သတ္တမနေ့ဥပုဒ်နေ့အသင်းတော်” ဘုရားကျောင်း ဆိုင်းဘုတ်ကိုလည်း စိုက်ထူထားခဲ့ကြောင်း သိရသည်။

ယင်းနောက် မေလ ၈ ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အဆောက်အအုံဆောက်လုပ်ခြင်းအား ခေတ္တရပ်တန့်ထားရန် တားမြစ်စာ ပေးပို့ခဲ့ပြီး “မေလ ၁၂ ရက်နေ့မှာ ဒါက ဘာသာရေးဆိုင်ရာကိစ္စဖြစ်တဲ့အတွက် ဆွေးနွေးဖို့လိုအပ်တယ်။ နှစ်ဖက်ပဋိပက္ခမဖြစ်ဘဲ အသင့်အတင့် နေထိုင်ကြဖို့ မှာကြားခဲ့ပါတယ်” ဟု တာဝန်ရှိသူက ပြောသည်။

မေလ ၁၅ ရက်နေ့တွင် ကျေးရွာဥက္ကဋ္ဌနှင့် ရွာသားအချို့က သတ္တမနေ့အသင်းတော်၏ သင်းအုပ်ဆရာထံ သွားရောက်ကာ ဆိုင်းဘုတ်အား ပြန်လည်ဖြုတ်ချပေးရန် ညှိနှိုင်းပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုရာတွင် သင်းအုပ်ဆရာဖြစ်သူက “ဒီဆိုင်းဘုတ်ဟာ ကျနော်တို့ ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့အတွက် ကျနော်တို့ ဖြုတ်မချနိုင်ဘူး။ ဖြုတ်ချင်ရင် ခင်ဗျားတို့ဘာသာ လာဖြုတ်ပါ” ဟု ပြန်လည်ပြောကြားခဲ့သည့်အတွက် ရွာသားအချို့က ဆိုင်းဘုတ်စိုက်ထူထားသည့် တိုင်အား သွားရောက်၍ နုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ပြုလုပ်စဉ်အတွင်း ကျေးရွာဥက္ကဋ္ဌက ရွာသူရွာသားများအား စိတ်လိုက်မာန်ပါ မပြုလုပ်ကြရန် တားမြစ်ဟန့်တားခဲ့ကြောင်းလည်း သိရသည်။

“၁၅ ရက်နေ့မှာ ဒီလိုမျိုး ဆိုင်းဘုတ်တွေ ဖျက်ဆီးတယ်လို့ သတင်းကြားလို့ ကျနော်တို့ ချက်ချင်းလိုက်ပြီး ဖြေရှင်းခဲ့ပါတယ်။ ပြီးတော့ သင်းအုပ်ဆရာတွေဘက်ကလည်း ဒီအဆောက်အအုံဆောက်လုပ်မှုနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဘာမှတိုင်ကြားခဲ့တာမရှိပါဘူး။ဆိုင်းဘုတ်နဲ့ ပတ်သက်လို့လည်း တိုင်ကြားမှုမရှိခဲ့ပါဘူး” ဟု သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက  ပြောသည်။

ယင်းအပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ချမှတ်ထားသော မူဝါဒနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တာဝန်ရှိသူက ဤကဲ့သို့ ရှင်းလင်းပြောကြားသည်။

“ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မူဝါဒအရ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ် အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုရင် ရွာဥက္ကဋ္ဌဆီက ထောက်ခံချက် အရင်ယူရပါတယ်။ ပြီးတော့ ဌာနဆိုင်ရာရုံးတွေကို အဆင့်ဆင့်တင်ပြရပြီး ရုံးက မြေပြင်ကွင်းဆင်းစစ်ဆေးကာ မြေအမျိုးအစားခွဲခြားပြီး အငြင်းပွားစရာမရှိကြောင်း သေချာမှသာ ခွင့်ပြုပေးတာဖြစ်ပါတယ်” ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ကြိမ်ချောင်းကျေးရွာ၌ ခရစ်ယာန်ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသော်လည်း ရွာဘုံမြေပေါ်တွင် ကျောင်းဆောက်လုပ်ခွင့်မရှိကြောင်းနှင့် အဆိုပါဘာသာဝင်များမှာ ရွာလူဦးရေ၏ ပျမ်းမျှထက်ဝက်ခန့်ရှိမှသာ ကျောင်းဆောက်လုပ်ခွင့်ရှိကြောင်း ရွာသားများက ပြောဆိုကြသည်။

သင်းအုပ်ဆရာများဘက်မှလည်း အသင်းတော်၏ ဘုရားကျောင်း(Church) ကို ဖျက်ဆီးခြင်းမဟုတ်ဘဲ ဆိုင်းဘုတ်ကိုသာ ဖြုတ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်မှာ သတင်းအမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသကဲ့သို့ ဘုရားရှိခိုးကျောင်းတစ်ခုလုံးအား အကြမ်းဖက်ဖျက်ဆီးခြင်းမျိုး မဟုတ်ဘဲ ဆိုင်းဘုတ် ဖြုတ်မှုအပေါ် အခြေခံ၍ သတင်းများ ချဲ့ကားကာ ပျံ့နှံ့နေခြင်းသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းအပြင် ဆိုင်းဘုတ် ဖြုတ်သည့်ဖြစ်ရပ်ကို ရုပ်သံရိုက်၍ ခရစ်တော်ဝတ်ပြုကျောင်းကို ဖြိုဖျက်နေသည်ဟုဆိုကာ အွန်လိုင်း‌ပေါ်တွင် ဝါဒဖြန့်ချီရန် စတင်ခဲ့သူမှာ ကြိမ်ချောင်းကျေးရွာနေ ခရစ်တော် ယုံကြည်သက်ဝင်သူ  ဦးထွန်းနိုင်ဆိုသူဖြစ်ပြီး ၄င်း၏ ဇနီးမယားမှာလည်း ကြံရာပါဖြစ်သည်ဟု ၄င်းတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးကြည့်ရာမှတဆင့် သိရသည်။

လက်ရှိတွင် (ULA)မှ တာဝန်ရှိသူများနှင့် ဗဟိုသာသနာရေးဌာနမှတို့ ပူးပေါင်း၍ အဖြစ်မှန်ကို လက်တွေ့ကျကျ ကွင်းဆင်းလေ့လာပြီး နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေစေရန်နှင့် ဘာသာရေးသဟဇာတဖြစ်မှုများ မပျက်ပြားစေရန် မျှတစွာဖြေရှင်းခဲ့၍ အဆိုပါပြဿနာမှာ လက်ရှိတွင် ပြေလည်သွားခဲ့ပြီဖြစ်သည်။

ခရစ်တော်ကို ယုံကြည်သက်ဝင်သော သတ္တမနေ့ခရစ်တော်အသင်းက တာဝန်ရှိသူများက အွန်လိုင်းထက်တွင်ပျံ့နှံ့နေသော သတင်းများသည် မဟုတ်မမှန်ကြောင်းနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ရွာခံသားများကလည်း ခရစ်ယာန်ဘာသာကို မလိုမုန်းထား၍ ထိုသို့ပြုမူခြင်း မဟုတ်ကြောင်းကိုလည်း နောက်ဆုံးတွင်အပြန်အလှန်ဆွေးနွေး၍ နားလည်မှုရယူနိုင်ခဲ့ကြသည်။



ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ