AB News – မေ ၂၆၊ ၂၀၂၆
မုတ်သုံလေ အရှိန်ရလာမှုနှင့်အတူ ရက္ခိုင်ကမ်းရိုးတန်းအပါအဝင် ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းဆဲလ်များ မလွဲမသွေ ပေါ်ပေါက်လာနိုင်သည့်အတွက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်၍ သတိပြုရန် လိုအပ်နေကြောင်း MM Myanmar က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
မေလ ၂၅ ရက်နေ့၊ ညနေပိုင်းအချိန်တွင် ရရှိထားသည့် ကြိုတင်ခန့်မှန်းချက်များအရ နိုင်ငံတကာမိုးလေဝသ မော်ဒယ်များဖြစ်ကြသည့် GFS နှင့် ECMWF တို့၏ ပြသမှုတွင် မေလ ၃၁ ရက်မှ ဇွန်လ ၂ ရက်အတွင်း ရက္ခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မိုးအလွန်သည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိပြီး ထိုသို့ မိုးသည်းထန်စွာ စတင်ရွာသွန်းမှုနှင့်အတူ ရုတ်တရက်ရေကြီးခြင်းနှင့် မြို့ပြရေလျှံခြင်း ဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။
Ventusky ၏ ICON မော်ဒယ်ခန့်မှန်းချက် မြေပုံများအရ ရက္ခိုင်ပြည် တောင်ဘက်တွင် မိုးရေချိန် ၂၀၀ မီလီမီတာ (200 mm) အထက် ရှိနိုင်သည့် “အလွန်အမင်း မိုးကြီးနိုင်သည့် ဇုန် (Extreme Rain Zone)” အတွင်း ပါဝင်နေသည်ကို တွေ့ရှိရသည်။ခန့်မှန်းချက်များအရ လေဖိအားနည်းစနစ်သည် ကုန်းတွင်းပိုင်းသို့ အရှိန်ပြင်းစွာ ကပ်လာပြီး မိုးတိမ်တောင်များ စုပြုံအခြေချမည့် အခြေအနေကို
ပြတ်သားစွာ ညွှန်ပြနေပြီး ရက္ခိုင်ပြည်အတွင်းရှိ ဒေသအချို့နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ဒေသအခြေအနေအလိုက် မြစ်ရေလျှံခြင်း၊ ချောင်းရေတက်ခြင်းနှင့် မြို့ပြရေကြီးခြင်း အန္တရာယ်များ အထူးပင် မြင့်မားနိုင်ကြောင်း ဆိုထားသည်။
မုတ်သုံလေ အစပျိုးခြင်းနှင့် လေဖိအားနည်းစနစ် ပေါင်းစပ်မှုကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတို့တွင် ပင်လယ်ပြင်လှိုင်းကြီးနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောလိုင်းများအနေဖြင့် သွားလာရေးတွင် အထူးသတိပြုရန် လိုအပ်မည်ဖြစ်သည်။
လက်ရှိအခြေအနေသည် အများပြည်သူ ထိတ်လန့်ခြောက်ခြားဖွယ် “မုန်တိုင်းကြီး” ဖြစ်ပေါ်မည်ဟု အတည်ပြုနိုင်သည့် အဆင့်မဟုတ်သေးဘဲ၊ မေလလကုန်တွင် အနောက်တောင်မုတ်သုံလေ အရှိန်ပြင်းလာနိုင်ခြင်းနှင့် လေဖိအားနည်းဆဲလ်များ ပေါ်ပေါက်လာနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကြိုတင်သတိပေးချက် (Pre-warning/Outlook) အဆင့်သာ ဖြစ်သည်။
သို့ဖြစ်ပါ၍ ရက္ခိုင်ပြည်နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကမ်းရိုးတန်း၊ ပင်လယ်ပြင်သို့ ခရီးသွားလာမည့်သူများအနေဖြင့် ထိတ်လန့်ခြင်းမရှိဘဲ မိမိတို့ဒေသတွင်း မိုးကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြေကို ကြိုတင်သတိပြု ပြင်ဆင်ရန်နှင့် ရှေ့ဆက်ထွက်ပေါ်လာမည့် မိုးလေဝသသတင်း အချက်အလက်များကို ဂရုတစိုက် ဆက်လက်စောင့်ကြည့်ကြပါရန် နှိုးဆော်အပ်ပါသည်။
Ref/Photo – MM Myanmar

