AB News – ဇွန် ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ အဘောင်တော်အင်းအနီးရှိ လမ်းကွေ့တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဉ် (ဒေသအခေါ် တုတ်တုတ်) တို့တိုက်မိ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ မြောက်ဦးမြို့နယ်၊ ဆူးရစ်ချောင်းကျေးရွာမှ ဒေါ်ဆန်းဆန်းဦး (၄၃) နှစ် နှင့် ကိုအေးနိုင်ဝင်း (၂၄) နှစ် တို့ ဖြစ်ကြသည်။
၎င်းတို့ ၂ ဦးသည် ဆူးရစ်ချောင်းကျေးရွာမှ ကျောက်ဆည်ပြင်ကျေးရွာသို့ ယနေ့ (ဇွန်လ ၈ ရက်) နံနက် ၈ နာရီကျော်အချိန်တွင် ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အဘောင်တော်အင်းအနီး လမ်းကွေ့၌ ဆိုင်ကယ်နှင့် သုံးဘီးယာဉ် (တုတ်တုတ်) တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူ ကိုအေးနိုင်ဝင်း က AB News သို့ ပြောသည်။
“ကျနော်က ဆိုင်ကယ်အငှားမောင်းပြီး လိုက်လာတာပါ။ အဘောင်တော်အင်းအနီးက လမ်းကွေ့မှာ တုတ်တုတ်ချေ ၂ စီးက ရှေ့ဆင့်နောက်ဆင့်လာတယ်။ ကျနော်တို့က ကျောက်ဆည်ပြင်ကို အသွား၊ သူတို့က မြောက်ဦးဘက်ကိုအလာမှာ တုတ်တုတ်က ရှေ့ကတစ်စီးကို ကျော်တက်ရင်း ကျနော်တို့ ဆိုင်ကယ်ကို ဘေးကနေ ဝင်တိုက်သွားတာ” ဟု ဆိုသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်ဆန်းဆန်းဦးတွင် ဘယ်ဖက်ပေါင်ရိုးကျိုးဒဏ်ရာ ရရှိခဲ့ပြီး ကိုအေးနိုင်ဝင်းတွင် ဘယ်ဘက်ဒူးခေါင်းကွဲဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် ဒေါ်ဆန်းဆန်းဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားသည့်အပြင် ၎င်း၏ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေကျပ်တစ်သိန်းကျော်နှင့် အဝတ်အစားများလည်း ပျောက်ဆုံးသွားခဲ့ရကြောင်း သူမ က ဆိုသည်။
“ဆိုင်ကယ်နဲ့ တုတ်တုတ် တိုက်မိတော့ ကျမမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ အဲဒီအချိန်မှာ လမ်းသွားလမ်းလာတွေ ဝိုင်းလာကြတယ်။ ကျမကိုတော့ ဆေးရုံကို လိုက်ပို့ကြတယ်။ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နေရာမှာ ကျမရဲ့ လက်ကိုင်ဖုန်း၊ ငွေတစ်သိန်းနဲ့ အဝတ်အစားတွေလည်း ပျောက်သွားတယ်” ဟု ဆိုသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် သုံးဘီးယာဉ်သမားမှာ တာဝန်ယူမှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။





