သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး ခြေတစ်ဖက်ပြတ်ထွက်

AB News – အောက်တိုဘာ ၄၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် အမျိုးသားနှစ်ဦး ဝါးခုတ်ရန် သွားရာမှ စစ်​ကော်မရှင်၏ မိုင်းကိုနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ တစ်ဦးမှာ ခြေတစ်ဖက် ပြတ်ထွက်သွားပြီး ကျန်တစ်ဦးမှာ မျက်စိထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ခြေတစ်ဖက် ပြတ်ထွက်သွားသူမှာ သင်္ဘောလှကျေးရွာမှ အဖ ဦးမောင်ဘစိန်၏သား အသက် ၃၆ နှစ်အရွယ် ဒိုင်းနက် ခေါ် သက္ကမ လူမျိုး ဦးလှမောင်ဖြစ်ပြီး မျက်စိထိခိုက်ဒဏ်ရာ ရရှိသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအောင်မြကျော်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီကျော်ခန့်က ၎င်းတို့နှစ်ဦးသည် ရွာမှ မိနစ် ၂၀ ခန့် သွားရသည့် တောအတွင်းသို့ ဝါးခုတ်ရန် သွားရာမှ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောလှဒေသခံတစ်ဦးက ” သူတို့ ၁၀ နာရီကျော်လောက်က ရွာနဲ့ မိနစ် ၂၀ ကွာဝေးတဲ့ တောထဲကို ဝါးခုတ်ဖို့ သွားတာ။ ၁၁ နာရီကျော်လောက်မှာ ပေါက်ကွဲသံကြားလို့ ရွာသားတွေ သွားကြည့်တော့ ဦးလှမောင်မှာ ခြေချင်းဝတ် ပြတ်ထွက်ပြီး သွေးတွေထွက်နေတာကို တွေ့တယ်။ ဒီရွာအနီးအနားမှာ အရင်က စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့တယ်”ဟု AB News သို့ ပြောသည်။

ထို့အပြင် မိုင်းပေါက်ကွဲမှုအရှိန်ကြောင့် ဦးအောင်မြကျော်၏ မျက်စိနှစ်ဖက်စလုံးအတွင်း ယမ်းငွေ့ဝင်ရောက်ခဲ့သဖြင့် မျက်စိထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

ဦးအောင်မြကျော်က ” နေ့တိုင်း ဝါးခုတ်ဖို့ သွားနေတာ။ မနေ့က ဝါးခုတ်ဖို့သွားတော့ ဦးလှမောင် နင်းမိတာ။ သူနင်းမိတာဖြစ်လို့ သူ့မှာ ခြေတစ်ဖက် ပြတ်ထွက်သွားတယ်။ ကျ​နော့်မှာလည်း ယမ်းငွေ့ဝင်လို့ မျက်စိမှုန်ဝါးဝါးဖြစ်ပြီး ကိုက်ခဲနေတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဦးလှမောင်မှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး ဆေးကုသစရိတ်အတွက် ငွေကြေးအကူအညီ လိုအပ်နေကြောင်း သိရသည်။

သင်္ဘောလှကျေးရွာအနီးတွင် ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုကာလအတွင်း စစ်ကော်မရှင်တပ်များ တပ်စွဲနေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သင်္ဘောလှကျေးရွာနှင့် အနီးအနားရှိ တောင်ပြို၊ မီးတိုက်ကျေးရွာတို့တွင်လည်း ယခင် စစ်ကော်မရှင်တပ်ဖွဲ့များက စခန်းချနေထိုင်ခဲ့ခြင်းကြောင့် စစ်ကျန်မိုင်းများ ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တောတောင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံပြည်သူများမှာ မိုင်းအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များအနေဖြင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ယခင် စစ်ကော်မရှင်တပ်များ တပ်စွဲနေထိုင်ခဲ့သည့် နေရာများကို ဦးစားပေး၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများ​ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Photo – AB New

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ