AB News – ဩဂုတ် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာနှင့် ပဲရုံကျေးရွာတို့တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကျန်လက်နက် (EY) အီနဂါ ပေါက်ကွဲမှုကြောင့် မိန်းကလေးငယ် ၃ ဦးအပါအဝင် ကလေး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ဒဏ်ရာအပြင်းထန်ရရှိသူ ၆ ဦး ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရရှိသွားသည့် ကလေးငယ်များမှာ အသက် ၅ နှစ်အရွယ်မှ ၁၀ နှစ်ဝန်းကျင် အရွယ်များဖြစ်ကြပြီး မိန်းကလေးငယ် ၃ ဦးနှင့် ယောက်ကျားလေးငယ် ၇ ဦးတို့ဖြစ်ကြ၍ စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကားလမ်းတစ်ဖက်မှ လူမနေသည့် အိမ်ရာဟောင်းတစ်ခု၌ အဆိုပါ ကလေး ၁၀ ဦးသည် စုဝေးဆော့ကစားနေကြစဉ် အသက် ၈ နှစ်အရွယ် မောင်မင်းမြတ်သာဂီမှ အိမ်ခြံနားရှိ ခြုံပုတ်အတွင်းမှ ကောက်ရရှိခဲ့သည့် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ မပေါက်ကွဲသေးသည့် ယမ်းသီး (EY) အီနဂါ တစ်လုံးကို ကားလမ်းပေါ်သို့ ပစ်ပေါက်လိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသည့် ကလေးငယ်များမှာ ပဲရုံကျေးရွာမှ အဖ ဦးအောင်သန်းဌေး၏သား အသက် (၈) နှစ်အရွယ် မောင်မြတ်လင်းအောင်၊ အဖ ဦးမင်းမြတ်ထက်၏သား အသက် (၈) နှစ်အရွယ် မောင်အောင်ဟိန်းထက်၊ အဖ ဦးအောင်ဝင်းဌေး၏သား အသက် (၁၁) နှစ်အရွယ် မောင်ခိုင်သူရိန်ထွန်း၊ အဖ ဦးမောင်သန်းဝင်း၏သား အသက် (၁၀) နှစ်အရွယ် မောင်ပြည့်ဆန်းကျော်စွာ၊ အဖ ဦးဘဝင်း၏သား အသက် (၈) နှစ်အရွယ် မောင်အောင်ငြိမ်းထက်တို့အပြင် အင်းဒင်ကျေးရွာမှ အဖ ဦးစိန်လှမောင်၏သမီး အသက် (၁၁) နှစ်အရွယ် စိန်ရတီဦး၊ အဖ ဦးစံချေ၏သမီး အသက် (၅) နှစ်အရွယ် မိုးခိုင်သဇင်၊ အဖ ဦးအောင်ချစ်စိန်၏သမီး အသက် (၉) နှစ်အရွယ် မမိုးရွှေးပန်း၊ အဖ ဦးကျော်လင်းထွန်း၏သား အသက် (၈) နှစ်အရွယ် မောင်မင်းမြတ်သာဂီတို့နှင့် အဖ ဦးအောင်ကျော်နု၏သား အသက် (၆) နှစ်အရွယ် မောင်မိုးအောင်ဌေးတို့ ဖြစ်ကြသည်။
အင်းဒင် အမျိုးသမီးတစ်ဦးက “ဒီနေ့ကျောင်းမတက်ရတော့ ပဲရုံရွာနဲ့ အင်းဒင်ရွာကြားမှာရှိတဲ့ လူမနေတဲ့ လူနေအိမ်ဟောင်းနားမှာ ဆော့ကစားနေကြတာ။ ဘယ်ကမှန်းမသိတဲ့ စစ်ကျန်လက်နက် (EY) အီနဂါ တွေ့တော့ ထုခွဲကြတာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ။ ကလေးတွေဆိုတော့ စူးစမ်းချင်ကြတယ်။ ပေါက်ကွဲမှာကိုလည်း မသိကြဘူး” ဟု ပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသွားသော ကလေးငယ် ၁၀ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်မှုကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရပြီး ငွေကြေးအကူအညီ လိုအပ်နေကြောင်း သိရသည်။
အင်းဒင်ကျေးရွာတွင် မောင်တောမြို့တိုက်ပွဲကာလအတွင်း ယခင် စစ်ကော်မရှင်တပ်စွဲနေထိုင်မှုများရှိခဲ့ပြီး ယခုပေါက်ကွဲသည့် လက်နက် (EY) အီနဂါမှာလည်း စစ်ကျန်လက်နက်များ ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း အင်းဒင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး ထင်းခုတ်ရန်သွားရာမှ မြေမြှုပ်မိုင်းတစ်လုံး နင်းမိ၍ ခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့ရကြောင်း ရွာသားများက ပြောသည်။
ယင်းအပြင် အင်းဒင်ကျေးရွာတွင် မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် တောတောင်ကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံပြည်သူများမှာ မိုင်းအန္တရာယ်ကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များအနေဖြင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ယခင် စစ်ကော်မရှင်တပ်စွဲနေထိုင်ခဲ့သည့် နေရာများတွင် ဦးစားပေး မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ပြုလုပ်လျက်ရှိသည်။
