AB News – သြဂုတ် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရေကြီးရေလျှံမှုကြောင့် နစ်မြုပ်သွားသည့် သောက်သုံးရေကန်များကို ဒေသခံများနှင့် ဌာနဆိုင်ရာအသီးသီးမှ ပူးပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေသခံပြည်သူများသောက်သုံးရေအဆင်ပြေစေရေးအတွက် စေတီပြင်နှင့် ဂေါ်နီ (မူဆလိန်) ကျေးရွာများရှိ ရေကန်များကို ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်း၍ ရေစုပ်ထုတ် သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အမှတ် (၇) တိုက်နယ်အတွင်းရှိ အဆိုပါ ကျေးရွာနှစ်ရွာမှ သောက်သုံးရေကန်များအတွင်း ရေဆိုးများနှင့် အမှိုက်သရိုက်များ ဝင်ရောက်ကာ ပျက်စီးညစ်ညမ်းခဲ့ရသည်။
ထိုသို့ သောက်သုံးရေ လိုအပ်ချက် ကြုံတွေ့နေရမှုကို ဖြေရှင်းနိုင်ရေးအတွက် မြို့နယ်ပါတီရုံး၊ မီးသတ်တပ်ဖွဲ့၊ ပလက၊ သစ်တောဌာန၊ AAP ဌာန၊ တိုက်နယ်ပါတီနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ ဒီလပ်နှင့် ဒေသခံ ရပ်ရွာသူ/သားများ ပူးပေါင်းကာ ရေကန်များအတွင်းရှိ ရေဆိုးများကို ရေစုပ်စက်များဖြင့် စုပ်ထုတ်ခြင်း၊ အနည်ကျ အမှိုက်များကို ရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
