
AB News – သြဂုတ် ၂၀၊ ၂၀၂၆
စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသော ရက္ခိုင်ပြည်၊ စစ်တွေမြို့စွန်ရှိ ဗျိုင်းဖြူကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ ညှင်းပန်းနှိပ်စက် ကွပ်မျက်မှုကြောင့် အနည်းဆုံး ဒေသခံ အမျိုးသား ၇၀ ဦး ထက်မနည်း သေဆုံးခဲ့ရသည်ဟု လွတ်မြောက်လာသည့် ဗျိုင်းဖြူရွာခံ အမျိုးသမီးများက The Diplomat သတင်းဌာနကို ဖြေဆိုထားသည်။
ကျောက်တော်တိုက်ပွဲတွင် အာရက္ခတပ်တော် (AA) ထံ အရေးနိမ့်ခဲ့ရမှုအတွက် လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က ရွာသားများအား အတိအလင်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် ၈ နာရီတွင် အင်အား ၂၀၀ ခန့်ပါဝင်သော စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များသည် ကား ၆ စီးဖြင့် ရောက်ရှိလာပြီး လူဦးရေ ၂,၀၀၀ ခန့်ရှိသော ဗျိုင်းဖြူရွာကို ပိတ်ဆို့ကာ ရွာသားများအား ရွာလယ်သို့ စုဝေးရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့နောက် အမျိုးသား ၈၀၀ ခန့်အား မျက်လုံးစည်း၊ လက်ထိပ်ခတ်ကာ ရွာပြင်သို့ ခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးများကို လမ်းမပေါ်တွင် ၂ ရက်တိုင်တိုင် အစားအသောက်၊ ရေနှင့် သန့်စင်ခန်း သုံးစွဲခွင့် မပေးဘဲ ထိုင်ခိုင်းထားခဲ့သည်။ မေလ ၂၉ ရက်နေ့ ညပိုင်း ၇ နာရီမှ စတင်၍ ညှင်းပန်းနှိပ်စက်သံများနှင့် သေနတ်သံများ နံနက် ၄ နာရီအထိ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။
“ဆိုးရွားတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ထားလိမ့်မယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ စစ်သားတွေက ကျွန်မတို့ရွာထဲက လူအချို့ကို ခေါ်ထုတ်ပြီး စစ်ဆေးထောင်ချဖို့ လုပ်နေတာပဲလို့ ထင်ခဲ့တာပါ” ဟု လှလှခင် က The Diplomat သတင်းဌာနကို ပြောသည်။
သူမ၏ အမျိုးသားနှင့် သားဖြစ်သူမှာ ရွာပြင်သို့ ခေါ်ဆောင်ခံရသူများထဲတွင် ပါဝင်ခဲ့သည်။အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်အရ သောက်ရေတောင်းဆိုသူများကို စစ်သားများ၏ ကျင်ငယ်ရေအား သောက်ခိုင်းခဲ့ပြီး မသောက်ပါက သေနတ်ဒုတ်များ၊ သံကြိုးများဖြင့် ရိုက်နှက်ခဲ့သည်။
မေလ ၃၀ ရက် အရုဏ်တက်ချိန်တွင် ရွာစွန်းရှိ သင်္ချိုင်းမှ မီးခိုးများ အမြောက်အမြား ထွက်ပေါ်ခဲ့ပြီး သတ်ဖြတ်ခံရသူများ၏ အလောင်းများကို မီးရှို့ခြင်းနှင့် မြှုပ်နှံခြင်းများ ပြုလုပ်ခဲ့သည်။
“နောက်တစ်နေ့ အရုဏ်တက်ချိန်မှာ ရွာစွန်းနဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့ သင်္ချိုင်းထဲက မီးခိုးတွေ ထွက်နေတာကို မြင်ခဲ့ရတယ်။ အဲဒီအခါမှ ရွာသားတော်တော်များများ အသတ်ခံလိုက်ရပြီဆိုတာကို ကျမတို့ သဘောပေါက်လိုက်တာပါ” ဟု ထိုညက အသတ်ခံလိုက်ရသည့် အမျိုးသားများထဲတွင် အဖေဖြစ်သူ ပါဝင်သွားခဲ့သည့် မဝင်းသန်း က The Diplomat သတင်းဌာန ကို ပြောပြသည်။
စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် အိမ်များအတွင်းသို့ ဝင်ရောက်ကာ ရွှေ၊ ငွေ၊ ဆိုလာပြား၊ ဖုန်းနှင့် ဆိုင်ကယ် စသည့် တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခဲ့ကြသည်။
ယင်းအပြင် မေလ ၃၀ ရက်နေ့ ညက အသက် ၂၀ ကျော်အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးကိုလည်း စစ်သား ၄ ဦးက အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့ကြောင်း လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ သိရသည်။
မေလ ၃၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင် အမျိုးသမီး၊ ကလေးများနှင့် အမျိုးသား ၁၅၀ ခန့်ကို စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် အမျိုးသား ၆၀၀ ကျော်ကို စစ်တွေအခြေစိုက် စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ နှိပ်စက်စစ်ဆေးပြီး စစ်တွေနှင့် ပုသိမ်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
ထောင်တွင်းနှင့် စစ်ဆေးစဉ် ရရှိသည့် ဒဏ်ရာများကြောင့် အနည်းဆုံး အမျိုးသား ၁၂ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည်။
AA ၏ စစ်ရေးထိုးစစ်ကြောင့် စစ်တွေမြို့နယ်မှလွဲ၍ ရက္ခိုင်ပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကျော်ကို AA က ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဗျိုင်းဖြူရွာတွင် ULA ၏ အုပ်ချုပ်ရေးစနစ် အားကောင်းနေခြင်း၊ အိမ်ထောင်စုများက AA ထံ ထောက်ပံ့ကြေးပေးနေသည်ဟု စစ်တပ်က စွပ်စွဲခြင်းနှင့် ကျောက်တော်တိုက်ပွဲတွင် စစ်တပ်က အထိနာခဲ့မှုအတွက် လက်စားချေရန် ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ စတင်၍ စစ်တွေမြို့ပေါ်တွင် ထိန်းသိမ်းခံထားရသည့် ဗျိုင်းဖြူရွာသားများထဲမှ လူအများအပြားသည် မိုင်းအန္တရာယ်ကြားမှ မိုင် ၃၀ ကျော် လမ်းလျှောက်ကာ AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။
လက်ရှိတွင် ဗျိုင်းဖြူရွာသား ၄၀၀ ကျော်သည် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ခက်ခဲစွာ ခိုလှုံနေကြရသည်။
စစ်ကော်မရှင်တပ်သည် ဗျိုင်းဖြူကျေးရွာရှိ နေအိမ်များကို ဖျက်ဆီးခြင်း၊ သစ်သားများ ရောင်းချခြင်းနှင့် အိမ်ကြီးများကို ပြင်ပလူများထံ ရောင်းချထားကြောင်း ရွာသို့ တိတ်တဆိတ် သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံများက အတည်ပြုထားသည်။
ပုံ – The Diplomat