AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၆
အာရက္ခပြည်၊ မောင်တောမြို့တွင် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ပိုမိုသိရှိလိုက်နာလာစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပို့ဆောင်ရေးဌာန (မောင်တောခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ) က ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ULA ပါတီ၊ ပါတီအမျိုးသမီးအင်အားစု၊ DLEPS နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသည်။
ဖြန့်ဝေလျက်ရှိသည့် လက်ကမ်းစာစောင်များတွင် ယာဉ်မောင်းနှင်သူများနှင့် ယာဉ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် စည်းကမ်းဖောက်ဖျက်ပါက ပေးဆောင်ရမည့် ဒဏ်ကြေးများကို ထည့်သွင်းဖော်ပြထားသည်။
အဓိကအားဖြင့် မော်တော်ဆိုင်ကယ်စီးနင်းသူများ အရည်အသွေးပြည့်မီသည့် ဦးထုပ်ဆောင်းရန်၊ မော်တော်ယာဉ်မောင်းနှင်သူများ ထိုင်ခုံခါးပတ် မဖြစ်မနေပတ်ရန်၊ အရက်သေစာသောက်စားထားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲထားချိန်တွင် မည်သည့်ယာဉ်ကိုမျှ မောင်းနှင်ခြင်းမပြုရန် အသိပညာပေးထားသည်။
ထို့အပြင် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်၊ လမ်းအညွှန်းသင်္ကေတများနှင့် ယာဉ်ကြောစည်းကမ်းများကို တိကျစွာလိုက်နာရန်၊ ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ရန်နှင့် သတ်မှတ်ထားသည့် ယာဉ်ကြောအတိုင်း စနစ်တကျ မောင်းနှင်ရန်လည်း လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများအနေဖြင့် သတ်မှတ်ထားသည့် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ကြေးပေးဆောင်ရန် ငြင်းဆန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းရှိပါက သက်ဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်ဆိုင်ရာ ရှင်းလင်းချက်များ မပြီးပြတ်မချင်း မော်တော်ယာဉ်များကို ယာယီထိန်းသိမ်းထားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယခုကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မောင်တောခရိုင်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းလာစေရန်နှင့် ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုသည်မှာ အခြားသူများအတွက်သာမက မိမိတို့ကိုယ်တိုင်နှင့် မိမိတို့မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးနေသည့် စည်းကမ်းများဖြစ်သဖြင့် ခရီးသွားပြည်သူတိုင်းက နေ့စဉ်ဘဝတွင် စနစ်တကျ ဆက်လက်လိုက်နာကြရန်” တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ထားသည်။
Photo – Hein Tun /AB News
















