သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောခရိုင်တွင် AA တပ်မှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ၅၆ ရက်ကြာ ကျင်းပပြီးစီး

AB News – နိုဝင်ဘာ ၈၊ ၂၀၂၆

အာရက္ခပြည်၊ မောင်တောခရိုင်တွင် အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အသက် ၄၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ခရိုင်ပါတီကော်မတီ၏ ဦးဆောင်မှုဖြင့် ကျင်းပသည့် တပ်မှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ၅၆ ရက်ကြာ ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ရပ်ကွက်၊ တိုက်နယ်အသီးသီးမှ ဘောလုံးအသင်းများနှင့် ULA/AA ၏ စစ်ဘက်၊ အရပ်ဘက်ဌာနဆိုင်ရာအသင်းများ စုစုပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး တပ်မှူးချုပ်၏ မွေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

တပ်မှူးချုပ်ဖလား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်တွင် A2-FC အသင်းနှင့် မောက်သူဇာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး A2-FC အသင်းက မောက်သူဇာအသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲတွင် A2-FC အသင်းက ပထမဆု၊ မောက်သူဇာအသင်းက ဒုတိယဆုနှင့် BTD Star အသင်းက တတိယဆုတို့ကို အသီးသီးရရှိခဲ့ကြသည်။ ပထမဆုအဖြစ် ချီးမြှင့်သည့် ဒိုင်းဆုကို ကြေးပိဿာချိန် ၉ ပိဿာဖြင့် ထုဆစ်ပြုလုပ်ထားကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး မောင်တောခရိုင်ပါတီကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကာ ဆုရရှိသည့် အသင်းများနှင့် ထူးချွန်စွမ်းဆောင်ရည် ပြသနိုင်ခဲ့သည့် ကစားသမားများကို ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ ရက္ခိုင်၊ မူဆလင်နှင့် ဟိန္ဒူဘာသာဝင် ပြည်သူထောင်နှင့်ချီ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲကျင်းပရခြင်းမှာ တပ်မှူးချုပ်၏ မွေးနေ့ကို ဂုဏ်ပြုအထိမ်းအမှတ်ပြုရန်၊ အာရက္ခလူငယ်များ၏ အားကစားစိတ်ဓာတ်ကို မြှင့်တင်ရန်၊ မတူညီသည့် လူမျိုးစုများအကြား ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် လူမှုသဟဇာတဖြစ်မှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းလာစေရန်နှင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များ၊ အရည်အချင်းပြည့်ဝသော ဘောလုံးကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်လည်း ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – Hein Tun/AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ