AB News – အောက်တိုဘာ ၂၇၊ ၂၀၂၆
ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်တွင် အာရက္ခတပ်တော် (AA) မှ ဦးဆောင်ပြီး ယမန်နေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပူဇော်ပွဲကို မြို့ဦးရောင်ခြည်တောင်ပေါ်စေတီတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆီမီးလေးထောင်နှင့် ပန်းတစ်ထောင် ပူဇော်ခဲ့ကြသည်။
ထိုဆီမီးပူဇော်ပွဲတော်သို့ အာရက္ခတပ်တော်(AA)မှ တပ်ဖွဲ့ဝင်များ၊ ကိုးကန့်တပ် (MNDAA)မှ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၈၀၀ နီးပါးခန့် (၁၀၅)မိုင် ကားကြီးကွင်းမှ တောင်ပေါ်စေတီအထိ လမ်းလျှောက်လှည့်လည်ကာ စည်ကားသိုက်မြိုက်စွာ သွားရောက်ပူဇော်ခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်များသည် ဘုရားများ၊ စေတီပုထိုးတော်များတွင် ဆီမီးနှင့် ပန်းများကပ်လှူခြင်းနှင့် မီးပုံးပျံများလွှတ်တင်ကြပြီး ကောင်းမှူကုသိုလ်များပြုလုပ်ကာ ဘာသာရေးပွဲလမ်းသဘင်များလည်း ကျင်းပဆင်နွှဲကြသည်။
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောကြားတော်မူပြီး လူ့ပြည်သို့ ပြန်လည်ဆင်းသက်လာခြင်းကို အထိမ်းအမှတ်ပြုသည့် အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားကြသည့် နေ့လည်းဖြစ်သည်။
အာရက္ခတပ်တော်(AA)သည် ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသတွင် အရိပ်ရသစ်ပင်များစိုက်ပျိုခြင်း၊ လူသားချင်စာနာထောက်ထားမှုများနှင့် ချစ်ကြည်ရေးဘောလုံးပွဲများတွင် ညီနောင်မဟာမိတ်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပုံ – မိုင်းယု









