သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎​ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိရာ မြို့များကို လေကြောင်းမှ ဗုံးကြဲနေခြင်းမှာ ဒေသခံများ သတင်းပေးမှုကြောင့်ဟု ဘူးလက်လှဆွေ ဆို



‎AB News – မေ၇၊ ၂၀၂၆

‎​အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိရာ မြို့နယ်များကို စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေခြင်းမှာ ဒေသခံများ၏ သတင်းပေးပို့မှုကြောင့်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် ဦးလှဆွေ (ခ) ဘူးလက်လှဆွေက ပြောဆိုလိုက်သည်။

‎​မေလ ၆ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ရှိခဲ့သည့် ရုပ်သံဖိုင်အတွင်း ဦးလှဆွေက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

‎၎င်း၏ ပြောဆိုချက်အရ ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ကျောက်တော်မြို့နယ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမှာ ထိုနေရာတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိနေသည်ဟု သတင်းရရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

‎​ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ကျောက်တော်၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်များအတွင်း လှည့်လည်သွားလာနေသော်လည်း ဒေသခံများက သတင်းပေးပို့နေသည့်အတွက် တပ်မတော်က လေကြောင်းမှ “အဝကြဲ” နေခြင်းဖြစ်ကြောင်း ဦးလှဆွေက ဂုဏ်ယူစွာဖြင့် ပြောဆိုခဲ့သည်။

‎​လတ်တလောတွင် The Diplomat သတင်းဌာနနှင့် အင်တာဗျူး၌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားခဲ့သည့် “လေကြောင်းဗုံးကြဲမှုများ ရှိနေသရွေ့ နိုင်ငံရေးဆွေးနွေးမှုများ ဝေးကွာနေဦးမည်” ဆိုသည့်အချက်အပေါ် ဦးလှဆွေက တုံ့ပြန်ရာတွင် ဆွေးနွေးမှုပြုလုပ်ရန် မလိုအပ်ဘဲ ဗုံးသာ ဆက်တိုက်ကြဲရန် တိုက်တွန်းပြောဆိုခဲ့သည်။

‎​ထို့အပြင် ပဲခူးတိုင်းအတွင်း သွားလာလှုပ်ရှားနေသည့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဦးမင်းကိုနိုင်တို့၏ ရုပ်သံဖိုင်အပေါ်တွင်လည်း ဦးလှဆွေက လှောင်ပြောင်ဝေဖန်ခဲ့သည်။

‎​ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ကျောက်တော်မှတဆင့် ပလက်ဝသို့ ရွှေ့ပြောင်းသွားပြီဟု ဆိုကာ မကြာမီ ပလက်ဝမြို့နယ်ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ဟု ဦးလှဆွေက ဗီဒီယိုအတွင်း ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။

‎​ဦးလှဆွေသည် ပြီးခဲ့သည့် လများအတွင်းကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် လှောင်ပြောင်စော်ကားသည့် ပြောဆိုမှုများ ပြုလုပ်ခဲ့ဖူးသူ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ