AB News – ဇူလိုင် ၁၂၊၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ကျေးရွာများသို့ ULA/AA နှင့် ဒေသခံအုပ်ချုပ်ရေး၊ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်း၍ ဆန်နှင့် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပက်ခွပ်ဆိပ်၊ မော်၊ အောက်မြတ်လှဲနှင့် င/ပြောက်ဆည် ကျေးရွာများသို့ ULA/AA ၏ ဒေသခံအုပ်ချုပ်ရေး၊ မီးသတ်၊ DLEPS၊ စစ်ဘက်ကျန်းမာရေးဌာနနှင့် ဖြူစင်ရင်ခွင်လူမှုကူညီရေးအဖွဲ့တို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ရေကြီးမှုကြောင့် စားနပ်ရိက္ခာ လိုအပ်နေသည့် အဆိုပါကျေးရွာများတွင် အိမ်ထောင်စု စုစုပေါင်း ၂၄၄ စုအတွက် ဆန်အိတ် ၂၄၄ အိတ်နှင့် ငါးခြောက် ၅၀၃ ထုပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ပက်ခွပ်ဆိပ်ကျေးရွာတွင် အိမ်ထောင်စု ၆၁ စု၊ မော်ကျေးရွာတွင် ၄၈ စု၊ င/ပြောက်ဆည်ကျေးရွာတွင် ၄၅ စုနှင့် အောက်မြတ်လှဲကျေးရွာတွင် ၉၀ စုတို့အား စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အပြင် ရေဘေးသင့်ဒေသများအတွင်း ကျန်းမာရေးမကောင်းမွန်သူများအား ဆေးကုသပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခြင်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှု နောက်ဆက်တွဲအနေဖြင့် ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံပြည်သူများ ရေဘေးဒဏ်ခံစားနေရပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ လိုအပ်နေဆဲဖြစ်သည်။








