AB News – ဇူလိုင် ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခမီတိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရေးပါသည့်” ယာဟင်းကိုင်ပွဲ “ကို ဇူလိုင် ၂၆ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရိုးရာပွဲတော်ကို ခမီစာပေနှင့် ယဉ်ကျေးမှုအသင်းက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရပ်ရွာအသီးသီးမှ တာဝန်ရှိသူများ၊ ခမီတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ စုပေါင်းပါဝင်ခဲ့ကြသည်။
ပွဲတော်သို့ ခမီတိုင်းရင်းသား ဝန်ထမ်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ မြို့နယ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယာဟင်းကိုင်ပွဲသည် ခမီတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သကဲ့သို့ လူမှုအသိုင်းအဝိုင်းအတွင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ရိုင်းပင်းကူညီမှုများကို ဖော်ဆောင်ပေးသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။
အဆိုပါပွဲတော်တွင် ရပ်ဝေးရပ်နီးမှ ဆွေမျိုးမောင်နှမများ၊ မိတ်ဆွေများ ပြန်လည်ဆုံစည်းကြပြီး ချစ်ကြည်ရေးနှင့် လူမှုဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပကြခြင်းဖြစ်သည်။
ရိုးရာအစဉ်အလာအရ ယာဟင်းကိုင်ပွဲသို့ ရပ်ဝေးမှ လာရောက်သူများသည် ကြက်တစ်ကောင်စီ ယူဆောင်လာကြရပြီး ပွဲတော်သို့ တက်ရောက်လာသည့် ဧည့်သည်များနှင့် တာဝန်ရှိသူများအားလည်း ကြက်များကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည့် ဓလေ့ကို ဆက်လက်ထိန်းသိမ်းကျင့်သုံးခဲ့ကြကြောင်း သိရသည်။
Photo – AB News


