
AB News – စက်တင်ဘာ ၁၀၊ ၂၀၂၆
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တကျော့ပြန်ထိုးစစ်များမှတစ်ဆင့် လက်ရှိတွင် ပလက်ဝဒေသအပါအဝင် ရက္ခိုင်တစ်ပြည်လုံး၏ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP Myanmar) က ထောက်ပြလိုက်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှလွဲ၍ ရက္ခိုင်ပြည်နယ်ရှိ ကျန်မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေးနယ်မြေများအဖြစ် ကြေညာခဲ့ရသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ဒေသတွင်း အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများဖြစ်ကြသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ကညင်ချောင်း စီးပွားရေးဇုန်တို့ကို အပြည့်အဝ ထိန်းချုပ်ထားသည့်အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်နယ်မြေ အစိတ်ပိုင်းအချို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ULA/AA သည် ထိန်းချုပ်နယ်မြေများကို စနစ်တကျ အုပ်ချုပ်နိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) ကို ဖွဲ့စည်းကာ ၂၀၂၅ ခုနှစ် မေလမှစ၍ ပလက်ဝဒေသအပါအဝင် ခရိုင် ၈ ခုခွဲ၍ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်လျက် ရှိသည်။
အဆိုပါ ခရိုင် ၈ ခု၏ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံမှု၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအပေါ် ISP Myanmar က လေ့လာရာတွင် ကဏ္ဍအလိုက် အချိုးမညီမျှမှုအချို့ ရှိနေသေးကြောင်း ထောက်ပြထားသည်။
ထို့ပြင် ULA/AA သည် ဗဟိုချုပ်ကိုင်မှု အားကောင်းသည့် တပါတီစနစ်ကို အခြေခံ၍ ပါတီ၊ စစ်တပ်နှင့် အစိုးရယန္တရားတို့ကို တသားတည်း ပေါင်းစည်းထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင် ၃ ရပ်အနက် လက်ရှိတွင် အုပ်ချုပ်ရေးက လိုအပ်သလို အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်သည့် စနစ်ကို ကျင့်သုံးနေကြောင်း ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။