သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နတ်ရေကန်ဗျူဟာကုန်းအနီးပတ်ဝန်းကျင်တွင် စစ်တပ်၏ ပါရာမိုတာ ၁ စီးကို AA ပစ်ချ၊ ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရမိ

AB News – အောက်တိုဘာ ၃၁၊ ၂၀၂၆

ရက္ခိုင်ပြည်နှင့် မကွေးတိုင်း အစပ်ရှိ ရက္ခိုင်ရိုးမ တောင်တန်းပေါ်တွင် တည်ရှိသည့် နတ်ရေကန် ဗျူဟာကုန်းပတ်ဝန်းကျင်၌ စစ်ကော်မရှင်တပ်က တိုက်ပွဲဝင် တပ်ဖွဲ့ဝင်များအတွက် လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ လာရောက်ပို့ချသည့် ပါရာမိုတာ (Paramotor) ၁ စီးကို အာရက္ခတပ်တော် (AA) က ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းတွင် နတ်ရေကန် ဗျူဟာကုန်းရှိ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များထံသို့ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ လာရောက်ပို့ချသည့် အဆိုပါ ပါရာမိုတာ (Paramotor) ကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက ပစ်ချခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ပါရာမိုတာ ယာဉ်နှင့်အတူ စစ်ကော်မရှင်တပ်၏ လက်နက်ခဲယမ်းများနှင့် ရိက္ခာ အချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

နတ်ရေကန် ဗျူဟာကုန်းသည် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား မကွေး-ရက္ခိုင် နယ်စပ်မျဉ်းပေါ်တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်ရေးအချက်အချာကျသော နယ်မြေတစ်ခု ဖြစ်သည်။

တစ်ဆက်တည်းမှာပင် စစ်တွေ စစ်မျက်နှာ၌လည်း စစ်ကော်မရှင်တပ်၏ ထိုးစစ်စစ်ကြောင်းများကြောင့် တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ပြင်းထန်လျက်ရှိသည်။

စစ်ကော်မရှင်တပ်သည် စစ်တွေနှင့် မကွေး-ရက္ခိုင် နယ်စပ်အနီးတို့တွင် ထိုးစစ်များ တိုးမြှင့်ရန် ကြိုးပမ်းနေသော်လည်း မြေပြင်တွင် အောင်မြင်မှုမရရှိဘဲ အကျအဆုံး များပြားလျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်တွေနှင့် ဝီရဌာနီ (ပေါက်တော) မြို့နယ် အစပ်ရှိ ကုလားတန်မြစ်ဝတွင် အင်အားဖြည့်တင်းရန် လာသည့် စစ်ကော်မရှင် စစ်သင်္ဘော ၃ စီးကို AA က ရေကြောင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ ၂ စီး လုံးဝ နှစ်မြုပ်ပြီး ၁ စီး ပြင်းထန်စွာ ပျက်စီးခဲ့သည့်အပြင်၊ ယခုအခါ လေကြောင်းမှ ရိက္ခာနှင့် ခဲယမ်း ထောက်ပံ့သည့် ပါရာမိုတာကိုပါ ထပ်မံ ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်၏ ထိုးစစ်များ၊ လေကြောင်းနှင့် ရေကြောင်းမှ ပြင်းထန်သည့် တိုက်ခိုက်မှုများကြားမှ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များသည် အတက်အဆုတ် ဟန်ချက်ညီသည့် နည်းဗျူဟာများဖြင့် အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်လျက်ရှိကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ