သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နတ်ချောင်းရွာ သောက်ရေကန် တူးဖော်မှုတွင် HDCO အပါအဝင် ဆည်မြောင်းနှင့် ရေအရင်းအမြစ်ဌာနမှ ဘလိတ်ဆူးနှင့် ငွေကျပ် ၂၆ သိန်း ထောက်ပံ့



AB News – မေ ၂၆၊ ၂၀၂၆

မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သောက်သုံးရေကန်တူးဖော်မှုတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အပါအဝင် ဆည်မြောင်းနှင့် ရေအရင်းအ​မြစ်ဌာနမှ ဘလိတ်ဆူး ၉ ခွေနှင့် ငွေကျပ် ၂၆ သိန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေကို မေလ ၁၆ ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဆည်မြောင်းနှင့် ရေအရင်းအမြစ်ဌာနမှ ဘလိတ်ဆူး ၉ ခွေနှင့် ငွေကျပ် ၁၆ သိန်း ထောက်ပံ့ခဲ့ပြီး HDCO မှလည်း ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ခဲ့သည့်အပြင် လူအားဖြင့်လည်း လုပ်အားပေး ကူညီခဲ့ကြောင်းလည်း သိရှိရသည်။

“အရင်ကဆိုရင် နတ်ချောင်းရွာမှာ သောက်သုံးရေ ခမ်းခြောက်မှု မရှိခဲ့ပေမယ့် မိုခါမုန်တိုင်း တိုက်ပြီးနောက်မှာတော့ သောက်ရေကန်တွေဟာ ကျန်းမာရေးအရ သောက်သုံးဖို့ မသင့်တဲ့ အခြေနေတွေ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် အခုလို သောက်ရေကန် တူးဖော်ကြတာ ဖြစ်ပါတယ်” ဟု နတ်ချောင်းဒေသခံတစ်ဦးက ဆိုသည်။

နတ်ချောင်းရွာ သောက်သုံးရေကန် တူးဖော်မှုတွင် အာရက္ခပြည်သူ့‌တော်လှန်‌ရေးအစိုးရမှ ငွေအား၊ လုပ်အားဖြင့် ပါဝင်ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း နတ်ချောင်းလူငယ်များအသင်းမှ တာဝန်ရှိသူတစ်ဦးက AB News သို့ ပြောသည်။

“အခုလို အစိုးရဘက်က ငွေအား၊ လုပ်အားနဲ့ ပါဝင်ကူညီပေးလာတဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ နတ်​ချောင်းရွာ ရွာသူ၊ ရွာသားတွေ ကိုယ်စား အခုလိုမျိုးထောက်ပံ့ပေးတဲ့ ဌာနဆိုင်ရာတွေကို ကျေးဇူးတင်ရှိပါတယ်” ဟု ဆိုသည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် နတ်ချောင်းကျေးရွာတွင် နှစ်စဉ် သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရလေ့ရှိသည့်အတွက် ဤကဲ့သို့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း ဆိုကြသည်။

ဓာတ်ပုံ – နတ်ချောင်းလူငယ်များအသင်း(ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ