AB News – စက်တင်ဘာ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်ခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နှင့် ရမ္မာဝတီ ဇာမဏီပရဟိတအသင်းတို့ ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းအပြင် ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား စက်တင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာ၌ နေရာခွဲ၍ ၂ ရက်တိုင်တိုင် သွားရောက်ကုသပေးခဲ့ကြောင်း ရမ္မာဝတီ ဇာမဏီပရဟိတအသင်း ဥက္ကဌ ကိုစိုးအောင် က ဆိုသည်။
ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသူ တစ်ဦးချင်းစီအတွက် သစ်သီးဓာတ်ဆား၊ Calsome ကွေကာထုတ်နှင့် မုန့်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
အဆိုပါ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ ရမ္မဝတီ ဇာမဏီပရဟိတအသင်း ဥက္ကဌ ကိုစိုးအောင်က “ကျနော်တို့ ဒေသတွင်းမှာ စစ်ဘေးဒဏ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီဘဲ အခက်အခဲတွေ့နေရတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေဆီ အရောက်သွားပြီး ကူညီပေးနေတာဖြစ်ပါတယ်။ ပြည်ပရောက် အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံ့မှုတွေကြောင့်လည်း အခုလို အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေဆီ ဆေးဝါးနဲ့ အာဟာရဖြည့်စွက်စာတွေ ထောက်ပံ့ပေးနိုင်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
ရမ္မာဝတီ ဇာမဏီပရဟိတအသင်းသည် ပြည်ပရောက် ရက္ခိုင်အမျိုးသားများနှင့် စေတနာရှင်များ၏ လှူဒါန်းငွေများကို အခြေခံ၍ ဒေသတွင်း ကျန်းမာရေးနှင့် လူမှုကူညီရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုစိုးအောင် က ဆိုသည်။
ပုံစာ – တောင်ကုတ်ခရိုင်အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင်များကို ULAနှင့် ရမ္မာဝတီ ဇာမဏီပရဟိတအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။(ဓာတ်ပုံ – Arakan Bay News)
