
AB News – မတ် ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် စစ်ကျန်မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး ခြေတစ်ဖက် ပြတ်ထွက်သွားကြောင်း သိရသည်။
မိုင်းနင်းမိ၍ ခြေပြတ်သွားသူမှာ တောင်ကုတ်မြို့နယ်၊ ဆိပ်ကမ်းသစ်ရွာက အသက် ၅၃ နှစ်အရွယ် ဦးဆန်းဝင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းသည် ယမန်နေ့ မတ်လ ၂၄ ရက်နေ့၊ နံနက် ၃ နာရီခန့်အချိန်တွင် ခွေးဟောင်သံကြောင့် ယခင်စစ်ကော်မရှင် စခန်းချနေထိုင်ခဲ့သည့် ဒိုးတောင်အနီးသို့ တက်ကြည့်ရာ စစ်ကော်မရှင်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို နင်းမိ၍ ပေါက်ကွဲခဲ့သည်။
ထိုပေါက်ကွဲမှုကြောင့် ဦးဆန်းဝင်း၏ ညာဘက်ခြေထောက်ပြတ်ထွက်သွားကာ လက်ရှိတွင် နီးစပ်ရာဆေးခန်း၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
၎င်းသည် တောင်ကုတ်မြို့နယ်၊ “ဂုဏ်ဓန” သင်္ဘောဒေါက်ကျင်းအနား ချောင်းတဖက်ကမ်း၌ ငါး/ပုဇွန် တာစောင့်၍ မိသားစုနှင့်အတူ နေထိုင်နေသူတစ်ဦး လည်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင်လည်း တောင်ကုတ်မြို့တွင် စစ်ကော်မရှင်တပ် စွန့်ပစ်ခဲ့သည့် ၄၀ မမ ဗုံးသီးပေါက်ကွဲမှုကြောင့် ၃ တန်းကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရက္ခိုင်တွင် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုမြှင့်တက်လျက်ရှိသည်။
မတ်လအတွင်း စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် ပြည်သူ ၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိလာနေသည်။
တစ်ဖက်တွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းစဥ်များကို ၎င်းတို့ထိန်းချုပ်မြို့နယ်များတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အင်တိုက်အားတိုက် လုပ်ဆောင်နေကြောင်း သိရသည်။