သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ပန်းတောင်းတွင် စစ်ကော်မရှင်က ပြည်သူ ၅ ဦးကို နှိပ်စက်သတ်ဖြတ်ကာ အလောင်းများအား PDF ယူနီဖောင်းများ ဝတ်ဆင်၍ စွန့်ပစ်ထား

AB News – မတ် ၂၅၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာတွင် စစ်ကော်မရှင်စစ်ကြောင်းက ပြည်သူ ၅ ဦးအား ဖမ်းဆီးသွားပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ပြီးနောက် သေဆုံးသူရုပ်အလောင်းများကို PDF ယူနီဖောင်းများ ဝတ်ဆင်ပေးခဲ့ကြကြောင်း KPG Update News ၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းသည် အင်ပင်ကြီးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြသည်။ ထိုသို့ ဝင်ရောက်လာစဉ် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့သော်လည်း ရွာထဲ၌ ပိတ်မိကျန်ခဲ့သည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို စစ်ကော်မရှင်တပ်က ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၅ ဦးကို ရက်အနည်းငယ်ကြာ နှိပ်စက်ညှဉ်းပန်းပြီးနောက် သတ်ဖြတ်ခဲ့ကြပြီး အမျိုးသား ၄ ဦးကို PDF စစ်ယူနီဖောင်းများ ဝတ်ဆင်ပေးထားကြောင်း သိရသည်။

၎င်းလုပ်ရပ်မှာ သတ်ဖြတ်ခံရသူများသည် အရပ်သားများမဟုတ်ဘဲ တိုက်ပွဲအတွင်း သေဆုံးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအဖြစ် ကမ္ဘာနှင့် ပြည်သူကို လိမ်လည်လှည့်ဖြားရန် ဝါဒဖြန့် ပုံဖျက်ခြင်းဖြစ်ကြောင်း ပြည်သူများက ဝေဖန်ထောက်ပြကြသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မတ်လ ၂၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး၏ ရုပ်အလောင်းမှာ အရိုးစုသာ ကျန်ရှိတော့သည့်အထိ ပျက်စီးနေပြီဖြစ်သည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းဘေးတွင်လည်း ၎င်း၏ အဝတ်အစားများကို ပုံထားသည်ကို တွေ့ရှိခဲ့ရသဖြင့် သတ်ဖြတ်ခြင်းမပြုမီ ကျူးလွန်မှုများ ရှိနိုင်ကြောင်းလည်း သံသယဖြစ်ဖွယ် တွေ့ရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရပြီး ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ပုံဖျက်သည့် လုပ်ရပ်အပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း အထူးစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ