AB News – စက်တင်ဘာ ၂၉၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ လူနေထူထပ်သော စျေးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများနှင့် အရပ်သားပြည်သူများ၏ အိုးအိမ်တိုက်တာများကို စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် တိုက်ရိုက်တာဝန်ရှိသူများနှင့် အဖွဲ့အစည်းတို့အား ထိရောက်သောလက်တုံ့ပြန်မှုများကို မနှေးမကြာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည့် အနည်းဆုံး စစ်မျက်နှာ (၇) ခုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး အချို့သော စစ်မျက်နှာများ၌ နေ့စဥ်ရက်ဆက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
”၄၉၂၆ စစ်ဆင်ရေး” ဟု အမည်ပေးထားသော စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၄) ရက်နေ့မှ စတင်၍ စစ်တွေ – ပုဏ္ဏားကျွန်းမြို့အစပ်အပါအဝင် နေရာ (၄) ခုမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်လန့်ကာ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် စစ်မြေပြင်တွင် အထိအခိုက်အကျအဆုံးများနှင့် အရေးနိမ့်နေသော စစ်ကော်မရှင်သည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။
ယခုကဲ့သို့ ရာဇဝတ်မှုများကျူးလွန်နေခြင်းမှာ စစ်ရာဇဝတ်ကောင် အကြမ်းဖက် မင်းအောင်လှိုင် လက်ထက်နည်းတူ အကြမ်းဖက် ရဲဝင်းဦးလက်ထက်တွင်လည်း စစ်ရာဇဝတ်ကောင် ရာထူးကို လက်ဆင့်ကမ်းရယူပြီး အဆိုးဝါးဆုံးသော စစ်ရာဇဝတ်မှုများကို ဆက်လက်အရှိန်တိုးမြှင့် လုပ်ဆောင်လာနေကြောင်း ULA မှ ဆိုထားသည်။
ယခုနှစ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရက္ခိုင်ဒေသအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ များစွာ ထိခိုက်သေဆုံးခဲ့ရပြီး ပြီးခဲ့သည့် ဇွန်နဝါရီလ (၂၀) ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာရှိ အာရက္ခတပ်တော်၏ စစ်သုံ့ပန်းစခန်းတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သုံ့ပန်းနှင့် မိသားစုဝင် (၂၁) ဦး သေဆုံးကာ (၃၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှင့် စျေးအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား (၁၇) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မတ်လ (၈) ရက်နေ့တွင် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှ အာရက္ခတပ်တော်၏ အကျဥ်းထောင်စခန်းတစ်ခုအား လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အကျဥ်းသား (၁၁၆) ဦး အထိ သေဆုံးခဲ့ကာ (၃၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်အထိ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု ဖြစ်ခဲ့သည်။
ထို့အပြင် ဧပြီလ (၁၃) ရက်နေ့က ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံးခဲ့ပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဧပြီလ (၂၄) ရက်နေ့တွင်လည်း ပလက်ဝ၊ စိမ်းညှင်းကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ စက်တင်ဘာလ (၁၇ – ၂၇) ရက်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီမြို့အပါအဝင် အာရက္ခဒေသအတွင်းရှိ မြို့နယ် (၉) ခုရှိ အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များအား လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ (၆) ဦး သေဆုံးကာ (၁၆) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားလူနေအိမ် (၅၅) လုံး ထက်မနည်း ပျက်စီးခဲ့ရသည်။
အထူးသဖြင့် ယမန်နေ့ စက်တင်ဘာလ (၂၈) ရက်၊ မွန်းလွှဲ (၁၂) နာရီ (၁၀) မိနစ်နှင့် (၁၂) နာရီ (၁၄) မိနစ် တို့တွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဥ်တစ်စီးသည့် လူအများသွားလာ လှုပ်ရှားနေကြသည့် ကျောက်တော်မြို့ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီ တံတား အနီးဝန်းကျင်ကို လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ လမ်းသွားလမ်းလာ၊ စျေးရောင်းစျေးဝယ်၊ ကုန်တင်ကုန်ချလုပ်သားများအပါအဝင် အရပ်သားပြည်သူ (၄၉) ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူဦးရေ (၅၈) ဦးထက်မနည်းရှိခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူ (၂၂) ထက်မနည်းရှိကြောင်း ဖော်ပြထားသည်။
အလားတူ စက်တင်ဘာ (၂၈) ရက်နေ့၌ပင် အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွားနှင့် သံတွဲမြို့နယ်၊ ငပလီကမ်းခြေတို့ကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ဂျနီဗာကွန်ဗားရှင်း ( Geneva Conventions ) အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် အရပ်သားပြည်သူများ၊ ဆေးရုံ/ဆေးခန်းများ၊ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းမပြုရ ဆိုသော ထိန်းသိမ်းရမည့် စံနှုန်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းသည်။
ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာဖြင့် စစ်ရာဇဝတ်မှုများပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် အမိန့်ပေးသူ၊ အမိန့်လိုက်နာသူနှင့် ပါဝင်ပတ်သက်သူများ အားလုံးကို အထူးမှတ်တမ်းတင်ထားပြီး တူညီပြီး ထိုက်တန်သော တုံပြန်မှုများကိုလည်း မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်သွားမည်ဟု သတိပေး ထုတ်ပြန်ထားသည်။
Photo – AA Info Desk
