
AB News – စက်တင်ဘာ ၂၉၊၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကစ္ဆပနဒီတံတားနှင့် အိန္ဒိယဈေးတို့အား စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် တာဝန်ခံရမည်ဟု အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ ASEAN Parliamentarians for Human Rights (APHR) က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ထုတ်ပြန်ထားသည်။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စစ်ကော်မရှင်တပ်က ဗုံးအနည်းဆုံး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရသူများအတွင်း ဈေးသည်များ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာများ ပါဝင်သည်ဟု APHR က ပြောသည်။
“စစ်ကော်မရှင်တပ်ဟာ မြေပြင်မှာ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် နိုင်ငံတစ်ဝန်း လူနေထူထပ်တဲ့ နေရာ တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အားကိုးအသုံးပြုနေပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်ကော်မရှင်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး မြန်မာ စစ်ကော်မရှင်အနေနဲ့ တာဝန်ခံမှုရှိရမယ်” ဟု အင်ဒိုနီးရှားလွှတ်တော်အမတ်နှင့် APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ပြောသည်။
ထိုတိုက်ခိုက်မှုအတွက် တာဝန်ခံမှုရှိစေရန်နှင့် စစ်တပ်၏ အကြမ်းဖက်မှုများ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ အဆုံးသတ်ရန် APHR က တောင်းဆိုထားသည်။
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုသည် စစ်တပ်၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် ဖြစ်စဉ်များထဲမှ နောက်ဆုံးဖြစ်ရပ်ဟုလည်း APHR က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟု APHR က ထုတ်ပြန်ထားသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြောက်ဦးပြည်သူ့ဆေးရုံကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။
ကျောက်တော်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အာဆီယံနှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသရွေ့ အာဏာသိမ်းစစ်တပ်၏ ကိုယ်စားလှယ်များကို ယခုနှစ် နိုဝင်ဘာလတွင် မနီလာ၌ ကျင်းပမည့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် APHR က တောင်းဆိုထားသည်။
ယင်းအပြင် ရက္ခိုင်ပြည်တစ်ဝန်းရှိ လေကြောင်းတိုက်ခိုက်မှုခံရသူများထံ လူသားချင်း စာနာမှုဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး ခွင့်ပြုပေးရန်လည်း APHR က တိုက်တွန်းထားသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင်အား နိုင်ငံတော်အဆင့် ခရီးစဉ်များနှင့် ဂုဏ်ပြုဧည့်ခံမှုများမှတစ်ဆင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ပေးအပ်ခြင်းကို ရပ်တန့်ရန်၊ ကုလသမဂ္ဂ၏ Credentials Committee အနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားပြုနေရာ ရယူရန် စစ်ကော်မရှင်၏ ကြိုးပမ်းမှုကို ပယ်ချရန်လည်း တောင်းဆိုထားသည်။
ယင်းအပြင် ကျောက်တော်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပေါ် အမေရိကန်ရက္ခိုင်လူမှုအဖွဲ့ Arakan American Community (AAC) က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။