AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့ကို စစ်ကော်မရှင်တပ်က ယနေ့ သန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁ ရက် သန်းခေါင်ယံ ၁၂ နာရီခန့် တွင် စစ်ကော်မရှင်တပ်သည် လေကြောင်းမှ ဗုံး ၁၄ လုံးခန့် လာရောက်ကြဲချခဲ့ရာ အရပ်သားပြည်သူများ နေထိုင်ရာ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တိုက်ရိုက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်မသန်းရီ (၆၆ နှစ်)၊ ဒေါ်လှကျော့ယဉ် (၅၄ နှစ်)၊ ဒေါ်မနွယ်စိုး (၄၃ နှစ်)၊ မခင်ခင်ဌေး (၂၆ နှစ်) နှင့် ဒေါ်မချေ (၄၀ နှစ်) တို့ ၅ ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ယင်းအနက် ဒေါ်လှကျော့ယဉ်မှာ ညာဘက်တင်ပါးတွင် ဗုံးစထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ အားလုံးကို နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ပေးလျက်ရှိသည်။
ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ည ၉ နာရီအချိန်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်တပ်သည် ယမန်နေ့ ည ၉ နာရီကျော်မှ စတင်၍ ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ဝီရဌာနေ (ပေါက်တော) မြို့နယ်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကလည်း ကျောက်တော်မြို့ရှိ လူစည်ကားရာ “အိန္ဒိယဈေး” ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့မှုကြောင့် မူဆလင် တိုင်းရင်းသားများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦး သေဆုံးခဲ့ရပြီး ၅၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မြေပြင်စစ်ပွဲများတွင် စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ရက်စက်စွာ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ပုံစာ – ယနေ့ (အောက်တိုဘာ ၁ ရက်နေ့) က ဝီရဌာနီမြို့လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိသွားခဲ့ကြသူများအားတွေ့ရစဥ် (ပုံ – ပေးပို့)
