AB News – ဇူလိုင် ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံ(မြို) ကျေးရွာကို ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့တွင်လည်း စစ်ကော်မရှင်လေတပ်က Y-12 ထောက်ပို့လေယာဉ်တစ်စီးအပါအဝင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ထပ်မံလေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ မွန်းတည်း ၁၁ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်မှ Y-12 ထောက်ပို့လေယာဉ်တစ်စီးအပါအဝင် ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဝါးနက်ရုံကျေးရွာကို လေကြာင်းမှ ဗုံးအလုံးရေ ၅၀ ခန့်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးသွားပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်၊ တရဂူ (ခမီ) ကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်ယော်သာမေ ဖြစ်သည်။
ထို့ပြင် ဒဏ်ရာရရှိခဲ့သူများမှာ တရဂူ (ခမီ) ကျေးရွာမှ အသက် ၃ နှစ်အရွယ် မောင်နေဇော်လင်း၊ အသက် ၃ နှစ်အရွယ် မောင်အောင်အောင်နိုင်၊ အသက် ၁၈ နှစ်အရွယ် မစန္ဒာမေ၊ အသက် ၂၃ နှစ်အရွယ် ကိုမောင်လှကျော်နှင့် ဆင်ဖြူတောင်ကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးကျော်သာတို့ ဖြစ်ကြသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများမှာ နီးစပ်ရာဆေးခန်းတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ မောင်တောခရိုင်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို စစ်တပ်မှ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေပြီး တစ်ချိန်တည်းမှာပင် အကြမ်းဖက် မူဆလင် လက်နက်ကိုင်တပ်ဖွဲ့(ARSA, RSO, ARA) များမှာလည်း ရက္ခိုင်-ဘင်္ဂလားနယ်စပ်မှ ခိုးဝင်ကာ ရိက္ခာသယ်ယူစုဆောင်းမှုများနှင့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်လာနေကြောင်း ဒေသခံများက ဆိုကြသည်။
ယမန်နေ့က ထုတ်ပြန်သည့် HDCO ၏ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးခဲ့ပြီး ၁၈၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အပြင် မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသူ ၆၅ ဦးထိရှိကြောင်း သိရသည်။
ဓာတ်ပုံ – APM





