သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေမြို့ပေါ်ရပ်ကွက်ကို စစ်ကော်မရှင်တပ်မှ Y- 12 လေယောဥ်ဖြင့် ဗုံး ၂ လုံး ကြဲချ၊ မူဆလင် ၁ ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

AB New- အောက်တိုဘာ ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့ ပေါ်ရပ်ကွက်ကို စစ်ကော်မရှင်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မူဆလင် ၁ ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၂၃ ရက် ၊ နံနက် အစောပိုင်း ၈ နာရီခန့်တွင် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့လယ်ခေါင်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် မောလိပ်ရပ်ကွက်၊ ရွှေငါးလမ်းဆုံနှင့် ထိုနေရာ အနောက်ဖက်ရှိ သစ်တောရပ်ကွက်များသို့ Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်တွေမြို့တွင်နေထိုင်သည့် မူဆလင် ၁ ဦးအပါအဝင် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး ဒဏ်ရာရသူများမှာ စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် ဗုံးကြဲခံရသည့် နေရာ အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများမှာ စိုးရိပ်ထိတ်လန့်နေရသောကြောင့် စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၂၂ နေ့တွင်လည်း စစ်ကော်မရှင်တပ်မှ အဉ္ဇနပူရမြို့၊ မြို့သစ်ရပ်ကွက်ကို လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်နေ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်မှ ကုလားတန်မြစ်ဝရှိ မဟာဗျူဟာမြောက် ငပြီကျွန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဆက်တိုက်ကြိုးပမ်းနေပြီး အာရက္ခတပ်တော် AA နှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ် ပွားလျက်ရှိကာ စစ်ကော်မရှင်တပ်မှ အကျအရှုံးများပြားလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ