AB News – နိုဝင်ဘာ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ အနီးတွင်ရှိသော စစ်ဘေးရှောင်စခန်းကို ယနေ့ (နိုဝင်ဘာ ၂ ရက်) တွင် စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် စစ်ရှောင်ပြည်သူ (၂) ဦးသေဆုံးပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ယနေ့ (နိုဝင်ဘာ ၂ ရက်)၊ မွန်းလွဲ (၁၂) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် စစ်တပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးဖြင့် စနဲမင်းပြင်ကျေးရွာအနီးရှိ အပြစ်မဲ့ပြည်သူများနေထိုင်သည့် စစ်ဘေးရှောင်စခန်းကို ဗုံးအလုံးရေ (၂) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင်ပြည်သူ (၂) ဦးဒဏ်ရာရရှိခဲ့ပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ပြည်သူများပိုင်ဆိုင်သည့် နွား (၁) တစ်ကောင်သေဆုံးပြီး၊ ကျန်တစ်ကောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ လူနေအိမ်များလည်းပျက်စီးသွားကြောင်းကိုလည်း (AA) ၏ထုတ်ပြန်ချက်အရသိရသည်။
အလားတူ နိုဝင်ဘာ (၁) ရက်နေ့၊ ညဉ့်သန်းခေါင်ယံ (၁၁) နာရီ (၃၀) မိနစ်နှင့် (၁၂) နာရီ (၄၀) မိနစ်အချိန်ကြားတွင်လည်း ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ စစ်တပ်၏တပ်စခန်းနေရာဟောင်းများဖြစ်သည့် ခမရ (၅၃၉) နှင့် အမတ (၃၇၇) တို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဥ် (၄) စီးဖြင့် အုပ်စုလိုက် (၁၃) ကြိမ်လာရောက်ပြီး၊ Y- 12 လေယာဥ်ဖြင့် ဗုံးအလုံးရေ (၃၀) အထိ အဆက်မပြတ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ (၁) ရက်တည်းတွင် စစ်တပ်က ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားနှင့် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ၊ ယာယီသားဖွား ဆေးရုံကို လေကြောင်းမှ အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူ (၁၂) ဦးသေဆုံးပြီး ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်အား ထိုးစစ်ဆင်နေသော စစ်မျက်နှာတိုင်းတွင် အထိခိုက်၊ အကျဆုံးများစွာဖြင့် ရှေ့မတိုးနိုင်ဖြစ်နေသည့်အတွက် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိနေကြောင်းလည်း AA က ဆိုသည်။
ပုံ – AA Info Desk









