သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက်အဖွဲ့များ လှုပ်ရှားလာမှု ကြောင့် AA နေ့ညမပြတ် ကင်းလှည့်

AB News – ဩဂုတ် ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် နယ်စပ်ဒေသ လုံခြုံရေးအခြေအနေများကြောင့် အာရက္ခတပ်တော် AA က မြို့ပေါ်နှင့် ကျေးရွာအနီးဝန်းကျင်များတွင် နေ့ညမပြတ် ကင်းလှည့်စောင့်ကြည့်မှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း AB News က ကွင်းဆင်း တွေ့ ရှိရသည်။

မောင်တောမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်ဒေသဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို အခြေပြုသည့် အကြမ်းဖက် ARSA လက်နက်ကိုင်အဖွဲ့များ၏ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများကို တားဆီးနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် AA ဘက်က လုံခြုံရေးလုပ်ငန်းများကို တင်းကျပ်စွာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်းရှိ အဓိကလမ်းကြောင်းများ၊ ကျေးရွာများနှင့် လူသွားလာများသည့် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ပိုင်းသာမက ညပိုင်းအချိန်များတွင်ပါ ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံတစ်ဦးက “အခု AA က နေ့ဘက်ရော ညဘက်ရော ကင်းလှည့်တာတွေ တွေ့ရတယ်။ မိုးကလည်း အရမ်းရွာနေတယ်။ မိုးရွာပေမယ့် လမ်းတွေမှာလည်း လုံခြုံရေးစောင့်ကြည့်တာတွေရှိတယ်။ အရင်ကထက် လုံခြုံရေးကို ပိုပြီး အလေးထား လုပ်ဆောင်လာတာ တွေ့ရတယ်” ဟု AB News သို့ ပြောသည်။

မောင်တောခရိုင်အတွင်း ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားလာနိုင်သည့် လုံခြုံရေးအခြေအနေများနှင့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် RSO၊ ARSA နှင့် ARA တို့၏ လှုပ်ရှားမှုများကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ မောင်တောခရိုင် အုပ်ချုပ်ရေးဌာနက ဩဂုတ်လ ၉ ရက်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

အဆိုပါ ညမထွက်ရအမိန့်သည် ဩဂုတ်လ ၉ ရက်မှ စတင်အကျုံးဝင်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအဖြစ် သတ်မှတ်ထားကာ အမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း ထပ်မံထုတ်ပြန်သည့်အချိန်အထိ ဆက်လက်အကျုံးဝင်မည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။

အမိန့်စာအရ ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များသည် အာရက္ခဒေသအတွင်း ဝင်ရောက်ကာ ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လုယက်ခြင်းနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

ယင်းသို့ လှုပ်ရှားမှုများကြောင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမိန့်အရ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ညမထွက်ရအမိန့်ကို တိတိကျကျ လိုက်နာကြရန်နှင့် အမိန့်ဖောက်ဖျက်သူများကို သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

မဖြစ်မနေ သွားလာရန်လိုအပ်သည့် အရေးပေါ်ကိစ္စများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုချက်ရယူပြီး သွားလာကြရန်လည်း သတ်မှတ်ထားသည်။

တစ်ဖက်တွင်လည်း ဒေသခံများ၏ ပြောကြားချက်များနှင့် AB News က စုဆောင်းရရှိသည့် အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့ဝင်များသည် နယ်စပ်အနီး တောတောင်ထူထပ်သည့် တောင်ပြို၊ မီးတိုက်နှင့် ဝေလာတောင်ဖက်ခြမ်းအချို့တွင် လှုပ်ရှားမှုများရှိနေပြီး ဒေသခံများအပေါ် ခြုံခိုတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

အထူးသဖြင့် ပြားသားရွာ-ကျီးကန်းပြင်လမ်း၊ အောင်မင်္ဂလာရွာ-ဖားဝပ်ချောင်းလမ်း၊ ကြိမ်ချောင်း-သင်္ဘောလှလမ်း၊ လိပ်ရ-နံသာတောင်လမ်းနှင့် တောင်ပြို-မီးတိုက်လမ်းတို့တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့သော လုံခြုံရေးခြိမ်းခြောက်မှုများကို တားဆီးနိုင်ရေးအတွက် အာရက္ခတပ်တော် AA က အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်စစ်သွေးကြွ အဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ထိန်းချုပ်ခြင်း၊ နယ်စပ်တစ်လျှောက် လိုက်လံရှင်းလင်းခြင်းနှင့် နယ်စပ်လုံခြုံရေး ပိုမိုအားကောင်းစေရန် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လုံခြုံရေး ဆောင်ရွက်မှုများအပြင် နယ်စပ်တစ်လျှောက် တောတောင်များအတွင်း ရှာဖွေရှင်းလင်းခြင်း၊ လျှို့ဝှက်သိုလှောင်ထားသည့် လက်နက်ခဲယမ်းများကို ရှာဖွေသိမ်းဆည်းခြင်းနှင့် မသင်္ကာဖွယ် လှုပ်ရှားမှုများကို စစ်ဆေးခြင်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း ARSA၊ RSO၊ ARA နှင့် RIM စသည့် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက် စစ်သွေးကြွ
လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပြင် နယ်စပ်ဒေသများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများအကြား လုံခြုံရေးအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

ဒေသခံများ၏ အဆိုအရ မောင်တောခရိုင်နှင့် အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများ ဆက်လက်ရှိနေပြီး ပြန်ပေးဆွဲမှု၊ ငွေညှစ်တောင်းခံမှု၊ လက်နက်ကိုင် ခြိမ်းခြောက်မှုများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို ထိခိုက်စေသည့် ဖြစ်စဉ်များကြောင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မောင်တောမြို့နယ်အတွင်း လုံခြုံရေးအဖွဲ့များက ကင်းလှည့်စောင့်ကြည့်မှုများကို နေ့ညမပြတ် ဆောင်ရွက်နေပြီး မသင်္ကာဖွယ် လှုပ်ရှားမှုများနှင့် လူစိမ်းဝင်ထွက်မှုများကိုလည်း စောင့်ကြည့် စစ်ဆေးနေကြောင်း တွေ့ရသည်။

ဒေသခံများကလည်း နယ်စပ်ဒေသအတွင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေး မထိခိုက်စေရန်နှင့် ဒေသတွင်း တည်ငြိမ်မှုရှိစေရန် လုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးရန် လိုလားနေကြသည်။

ပုံ/စာ – မောင်တောမြို့အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များ ကင်းလှည့်ဆောင်ရွက်နေစဉ်။ ( Photo – Hein Tun/ AB News )

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ