AB News- ဩဂုတ် ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာမှ အာရက္ခတပ်တော် (AA) ထံ ၎င်းတို့၏ဆန္ဒအရ စစ်မှုထမ်းရန်ရောက်ရှိလာသည့် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA )က ယနေ့ ဩဂုတ် ၁၈ ရက်တွင် မိဘများထံ ပြန်လည်အပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များမှာ အသက် (၁၃) နှစ်အရွယ် မောင်ကျော်ဆန်းဦး၊ မောင်စိုးနိုင်ဦးနှင့် အသက် (၁၄)နှစ်အရွယ် မောင်ဝင်းမင်းသန်းတို့ ဖြစ်ကြသည်။
၎င်းတို့သုံးဦးမှာ မိဘများကို အသိမပေးဘဲ မိမိတို့၏စိတ်သဘောအရ တာဝန်ထမ်းဆောင်ရန် သုံးဘီးဖြင့် စခန်းတစ်ခုသို့ ဩဂုတ်လ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် အာရက္ခတပ်တော် AA ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက ကလေးငယ်များ၏ အသက်နှင့် အခြေအနေများကို စစ်ဆေးခဲ့ရာ အသက်မပြည့်သေးကြောင်း သိရှိရသဖြင့် မိဘများနှင့် ဆက်သွယ်ကာ ယနေ့ မနက်ပိုင်းတွင် ကျန်းမာစွာ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) က အမျိုးသားကာကွယ်ရေး အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းခေါ်ယူရာတွင်လည်း အသက်နှင့် ကျန်းမာရေးအခြေအနေများအပါအဝင် လိုအပ်ချက်များကို စစ်ဆေးပြီးမှ ခေါ်ယူကြောင်း သိရသည်။
ပုံ – ONN
