AB News – ဧပြီ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၀ ကျော် ပျက်စီးသွားကြောင်း AB News က ကွင်းဆင်း တွေ့ရသည်။
ယနေ့ နံနက် ၁၀ နာရီကျော်အချိန်မှစ၍ စစ်ကော်မရှင်တပ်သည် လေကြောင်းမှတစ်ဆင့် ၂ မိနစ်တစ်ကြိမ်နှုန်းဖြင့် ပေါင် ၅၀၀ ဗုံး ၅ လုံး၊ ပေါင် ၃၀၀ ဗုံး ၄ လုံးနှင့် Rocket ဒုံးကျည် ၃ လုံးတို့ကို အသုံးပြုကာ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “သူတို့က ဂျက်ဖိုက်တာ ၃ စီးနဲ့ လာတာ။ ၂ မိနစ်တစ်ခါလောက်ကို ဗုံးတွေ ဆက်တိုက်ချသွားတာပဲ။ ပေါင် ၅၀၀ ဗုံးရော၊ ၃၀၀ ဗုံးတွေရော ပါတယ်။ မြို့ထဲက လျှပ်စစ်ရုံးတင်မကဘူး၊ ရေဖြူကန်နားက လူနေတဲ့နေရာတွေပါ ဗုံးကျတာ။ မြို့အဝင်လမ်းတလျှောက်လုံးကိုလည်း လှည့်ပတ်ပစ်သွားတယ်”ဟု ပြောသည်။
လေကြောင်းမှ ဗုံးစထိမှန်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကန်ချောင်းကျေးရွာမှ ရေဖြူကန်တွင် စစ်ဘေးရှောင်နေသူ အသက် ၄၇ နှစ်အရွယ် ဒေါ် လှအေးစိန်၏ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ပြီး ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ၂ ဦးမှာလည်း ဗုံးပေါက်ကွဲသည့် အရှိန်ကြောင့် သတိလစ်သွားခဲ့သည်။
တိုက်ခိုက်မှုအတွင်း ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်များ ထိမှန်ပျက်စီးခဲ့ပြီး လက်ရှိအတည်ပြုနိုင်သည့် အိမ်ပိုင်ရှင်များမှာ ဦးအာနီ (၄၅ နှစ်)၊ ဦးမောင်သန်း (၅၆ နှစ်)၊ ဦးအောင်ကျော်ဖြူ (၅၆ နှစ်)၊ ကိုဇော်ကြီး (၃၀ ကျော်)၊ ဦးကျော်သာလှ နှင့် ဦးကုလား (၄၀ ကျော်) တို့ ဖြစ်ကြသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ဗုံး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် မီးစက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။
ထို့အပြင် ရေဖြူကန်ကျေးရွာရှိ န.တ.လကျောင်းရှေ့နှင့် အများပြည်သူသုံး လမ်းမပေါ်သို့လည်း ဗုံးများ ကျရောက်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့အဝင် လမ်းတစ်လျှောက်ရှိ လူနေအိမ်ခြေများကိုပါ ဂျက်ဖိုက်တာများဖြင့် အုပ်စုလိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
Photo – Hein Tun/AB News








