သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုတွင် ရက္ခိုင်လူငယ်များ ဒုတိယအများဆုံး စုဆောင်းခံရ


AB News – ဇွန် ၁၀၊ ၂၀၂၆

၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ မေလ (၃၁) ရက်နေ့အထိ (၁၂) လ အတွင်း စစ်ကော်မရှင်၏ ဒေသအလိုက် စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရမှုတွင် ရက္ခိုင်မှ လူဦးရေ ၃၉၉၃ ဦးဖြင့် ဒုတိယအများဆုံး စုဆောင်းခံခဲ့ရကြောင်း (Unlawful Conscription Watch – UCW) မှ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

UCW မှ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းသည် စစ်မှုထမ်းစုဆောင်းခံရသူ ၉၄၃၄ ဦးဖြင့် ပထမအများဆုံး စုဆောင်းခံခဲ့ရပြီး၊ ရက္ခိုင်မှာ ၃၉၉၃ ဦးဖြင့် ဒုတိယနှင့် ဧရာဝတီတိုင်းမှာ ၃၆၄၉ ဦးဖြင့် တတိယအများဆုံးအဖြစ် စုဆောင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းအပြင် စုဆောင်းခံရသူများတွင် အမျိုးသမီး စုစုပေါင်း (၈၆) အထိပါဝင်ပြီး ရက္ခိုင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ UCW ၏ အချက်အလက်များအရ ၁၂ လတာ ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတင်းအဓ္ဓမ တပ်သားသစ်စုဆောင်းခံရသူ ၃၂၉၇၄ ဦးအထိရှိခဲ့ပြီး အဆိုပါဖြစ်စဥ်နှင့်ပတ်သက်သော တိုင်ကြားမှု ( ၁၉၁၃) မှုကိုသာ လက်ခံရရှိခဲ့ကြောင်း ဆိုသည်။

ရက္ခိုင်ပြည်မှ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူများမှာ ရက္ခိုင်မှ ပြည်မဘက်သို့သွားလာစဥ် စစ်ကော်မရှင်၏ ဖမ်းဆီးခြင်းကို ခံရသူများ၊ ပြည်မဘက်သို့ စစ်ရှောင်ရန် သွားရောက်နေထိုင်သူများနှင့် ပြည်မဘက်ရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေသူများ အများဆုံးပါဝင်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ပြီး ပြည်သူစစ်မှုထမ်းဥပဒေကို စတင်၍ အတည်ပြု ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံတဝန်းမှ အရွယ်ရောက်ပြီးသူ လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ တပ်သားစုဆောင်းမှုများကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်ခဲ့သည်။

ထို့ပြင် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရသူများကို တိုက်ပွဲပြင်းထန်နေသည့် ရှေးတန်းစစ်မျက်နှာများသို့ စေလွှတ်အသုံးပြုနေပြီး တိုက်ပွဲများအကြား သေဆုံးမှုများနှင့် တပ်ပြေးမှုများလည်း ရှိနေကြောင်းသိရသည်။

လက်ရှိတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသင်တန်းမှာ အပတ်စဥ် ၂၄ အထိ ရောက်ရှိနေပြီဖြစ်ပြီး အပတ်စဥ် ၂၅ အတွက်လည်း တပ်သားသစ်စုဆောင်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ